ရွေးကောက်ပွဲမတိုင်မီ ဆူပူမှုမရှိရေး သမ္မတဦးသိန်းစိန် တိုက်တွန်း
2015.06.10

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ တိုင်းပြည်ဆူဆူပူပူ မဖြစ်အောင်ကာကွယ်ကြဖို့ နဲ့ ရွေးကောက်ပွဲအောင်မြင်အောင် ပြည်သူအားလုံးက ကူညီကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြို့ခံတွေ၊ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တာပါ။
"အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ ၂ဝ၁၅ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်အောင်ဆိုပြီးတော့ ပြည်တွင်းကရော ပြည်ပကပါ မျက်လုံးထောင့်ထောက်ပြီးတော့ကြည့်မယ်၊ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ဖို့အတွက်ကို နိုင်ငံသားအားလုံးက တို့မှာလည်းတာဝန်ရှိတယ်၊ ဒီရွေးကောက်ပွဲမတိုင်မီမှာလည်း တိုင်းပြည်ဆူဆူပူပူမဖြစ်အောင် ဝိုင်းပြီးတော့လုပ်ပေးဖို့လိုတယ်"
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အစိုးရအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။
နိုင်ငံတော်သမ္မတဟာ အင်းလေးကန် ထိန်းသိမ်းရေးနဲ့ ဒေသတွင်းစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
သမ္မတနဲ့ တွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။