လှေစီးဒုက္ခသည်တွေကို ဖိလစ်ပိုင်နဲ့ ဂမ္ဘီးယားနိုင်ငံ ခေါ်ယူမည်
2015.05.19
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လှေနဲ့ထွက်ပြေးသွားတဲ့ လူပေါင်း ၃ ထောင်လောက်ကို ဖိလစ်ပိုင်နိုင်ငံက ကြိုဆိုဖို့အဆင့်သင့်ရှိနေတယ်လို့ မနေ့ကပြော လိုက်ပါတယ်။ ဒီကိစ္စအတွက် ဖိလစ်ပိုင်အစိုးရနဲ့ ခရစ်ယန်ကက်သလစ်ဘုရားကျောင်းက သဘောတူ ထားတယ်လို့လည်း သိရပါတယ်။
ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာစာချုပ်ကို ဖိလစ်ပိုင်က သဘောတူထားတဲ့အတွက် ထွက်ပြေး လာတဲ့ အဲဒီ့လူတွေကိုကူညီမယ်လို့ ပြောဆိုတာဖြစ်တဲ့ အကြောင်း၊ ဖိလစ်ပိုင်တရားရေးဝန်ကြီး Leila Lima နဲ့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Charles Jose တို့ က ပြောပါတယ်။
ဒါ့အပြင် အာဖရိကတိုက်အနောက်ဖက် ဂမ္ဘီးယားနိုင်ငံ ကလည်း အဲဒီ့လိုထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို သူတို့နိုင်ငံမှာ ပြောင်းရွှေ့အခြေ ချနေထိုင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ လူဖြစ်ရှုံးနေရတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့အခြေအနေကို အထူးစိုးရိမ် တယ်လို့ ဂမ္ဘီးယားအစိုးရကပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဥဒေါင်းရွာအနားမှာ ဘင်္ဂလားဒေ့ရှ် လှေစီးဒုက္ခသည် ၁၁ ယောက်ကို တွေ့ရတဲ့အတွက် မြန်မာရဲတပ်ဖွဲ့ကစစ်ဆေးပြီး ငါးဖမ်းလှေတစ်စင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တနင်္ဂနွေနေ့က ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
အဲဒီ့လှေစီးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရက မနေ့ညက ထုတ်ပြန်ကြေညာရာမှာ မြန်မာနိုင်ငံကလည်း နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်ကြောင်းနဲ့ ပင်လယ်မှာဒုက္ခရောက်နေသူတွေတွေ့ရင် ကူညီဖို့အသင့်ရှိတဲ့အကြောင်း၊ ရခိုင်ပြည်နယ်ကနေ ပင်လယ်ဖြတ်ပြီး ရွှေ့ပြောင်းသွားလာတာမရှိအောင် ကြပ်မတ်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ လူမှောင်ခိုတွေကြောင့် ဒုက္ခရောက်ရသူတွေကို လူသားချင်းစာနာမှုရှုထောင့်အရ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ အသင့်ရှိတဲ့အကြောင်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် သမ္မတပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း လှေစီးဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံသား ဟုတ်မှန်ကြောင်း အထောက်အထားပြနိုင်ရင် ကာကွယ်စောင့်ရှောက်သွားမယ်လို့ တနင်္လာနေ့က ပြောကြား ထားပါတယ်။