ချောင်းဆုံ မီးလင်းရေးကိစ္စ မဲဆွယ်တာမဟုတ်ကြောင်း သမ္မတ ပြော
2015.10.11

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ လာမယ့် ၂ လအတွင်း လျှပ်စစ်မီးရရှိတော့မှာဖြစ်ကြောင်းနဲ့ အဲ့ဒီလို လျှပ်စစ်မီး ရရှိဖို့ အစိုးရက ဆောင်ရွက်ပေးတာဟာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေး သဘောမျိုး လုပ်ဆောင်တာ မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
မနေ့က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
"နောက်ထပ် ၂ လဆိုရင် မီးရမယ်နော်၊ တံတားက နောက်နှစ်မှပြီးမယ်၊ နောက်နှစ်ဒီဇင်ဘာကျမှ တံတားကပြီး မယ် နည်းနည်းကြာမယ်၊ မီးလည်းရသွားမယ် တံတားလည်းပြီးသွားမယ်ဆိုရင် မြို့ကြီးဖြစ်သွားမှာ နောင်ကျ ရင် မော်လမြိုင်လေယာဉ်ကွင်းက လေယာဉ်တွေ သိပ်ဆင်းလို့မရတော့ဘူး၊ မြို့လယ်ခေါင်ဖြစ်နေတယ် နောင် ကျတော့မှ လေယာဉ်ကွင်းတွေဘာတွေ လာလုပ်လိမ့်မယ်နော်၊ အဲ့ဒါကျရင် မော်လမြိုင်ထက်တောင် ပိုပြီးတော့ မြို့ကြီးပြကြီးဖြစ်သွားမှာ ဟုတ်လား၊ အဲ့ဒီတော့ ဘာမှမဟုတ်ဘူး ပါတီစည်းရုံးရေးအတွက် ဘာအတွက်ညာ အတွက် မဟုတ်ဘူး ဘဘတို့က ဖွံ့ဖြိုးရေးအတွက် လိုက်ပြီးတော့လုပ်နေတာ"
ချောင်းဆုံမြို့နယ်အတွင်းမှာ ကော့မုပွန်၊ ဒေါင်းရပ်အရှေ့၊ဒေါင်းရပ်အနောက်၊ မုဒွန်း၊ ကမာမို အစရှိတဲ့ ကျေးရွာ ၇၈ ရွာရှိပါတယ်။ လက်ရှိမှာ လျှပ်စစ်မီးဟာ ချောင်းဆုံမြို့ပေါ်မှာ ညနေ ၆ နာရီကနေ ၁ဝ နာရီအထိ ၄ နာရီသာ အချိန်ပိုင်းရရှိပြီး ကျေးရွာတွေမှာ မီးမရရှိသေးပါဘူး။
ဒါ့အပြင် သံလွင်မြစ်ကိုဖြတ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ဖို့ ဆောက် လုပ်နေတဲ့ တံတားစီမံကိန်းဟာ လာမယ့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးမှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတက ပြောလိုက်ပါတယ်။
မွန်ပြည်နယ်ကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်တာ ဖြစ်တယ် လို့လည်း ပြောပါတယ်။