ညီညွှတ်မှသာ တိုင်းပြည် တိုးတက်နိုင်မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား
2014.02.22

လက်ရှိအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တက်လှမ်းနိုင် မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်အဆောက်အဦးထဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ရှင်တွေ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုပြောခဲ့တာပါ။
"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေ တဲ့ နိုင်ငံရေးဖြစ်စဉ် ရှင်သန်မှုနဲ့ နိုင်ငံရေး တည်ငြိမ်မှု၊ အခြေခံကစပြီး ပြင်ဆင်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ဟာ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှု နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေ ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်၊ ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ ကျနော်တို့ အခုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွှတ်ရေး တည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွပ်လပ်ပြီး၊ ပွင့်လင်းပြီး၊ သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး အောင်မြင်တိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်"
ဒါ့အပြင် လက်ရှိအစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ ရေရာသေချာမှုရှိတဲ့ နိုင်ငံရေးပုံစံ သစ်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းဟာ ပြောင်းလဲလာတဲ့ နိုင်ငံရေးပုံစံသစ်နဲ့ ကိုက်ညီလာပြီလို့လည်းမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကနဲ့ အများပြည်သူ ပူးတွဲလုပ်ငန်းတွေမှာ အောင်မြင်မှုမရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချစ်ခိုင်က အခမ်းအနားမှာ ပြောခဲ့ပါတယ်။
"လယ်ယာကဏ္ဍအပိုင်းမှာ ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သက်ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ခုနက သမ္မတကြီး လမ်းညွှန်သလို public–private partnership ကို အကောင်အထည်ဖော်တဲ့နေရာမှာ ထိရောက်မှုမရှိခဲ့ဘူး၊ တကယ်ကို လက်တွေ့ကျကျ ဖြစ်မလာဘူးဆိုတာ သိရှိရပါတယ်၊ ဒီလို public–private partnership ဆိုတဲ့ကိစ္စမှာ ကျနော်တို့ private ဖိတ်ခေါ်တဲ့နေရာမှာ မိမိတို့ပြောတာကို နားထောင်ပြီး ဟုတ်ကဲ့ပြောမယ့်သူတွေကိုပဲ ဖိတ်ခေါ်ဆောင်ရွက်နေမယ်ဆိုရင်လည်း အောင်မြင်နိုင် ဖွယ်မရှိပါဘူး"
ဒီကနေ့ ဆွေးနွေးပွဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လယ်ယာလုပ်ငန်း၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း၊ သားငါးမွေးမြူရေး၊ ကျောက်မျက်လုပ်ငန်း စတဲ့ လုပ်ငန်းအသီးသီးရဲ့ လိုအပ်ချက်အခက်ခဲတွေနဲ့ အစိုးရက ထောက်ပံ့လုပ်ဆောင်ပေးရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ကို တင်ပြခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။