မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေကို တရုတ်က ခြောက်လနေထိုင်ခွင့်ဗီဇာ ထုတ်ပေးမည်
2024.11.17

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၈၀ (ခြောက်လ) အထိ နေထိုင်နိုင်မဲ့ “လန်ချန်း-မဲခေါင် ဗီဇာ”ကို နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး ထုတ်ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာပါတယ်။
အဲဒီဗီဇာဟာ ငါးနှစ်သက်တမ်း ရှိမှာဖြစ်ပြီး တရုတ်နိုင်ငံကို အကြိမ်များစွာ လာရောက်နိုင်တဲ့ (Multiple Entry) အမျိုးအစား ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဗီဇာ လျှောက်ထားရမှာ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေသာ လျှောက်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြောပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှစ်ကြိမ်မြောက် အစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီချန်းက ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအဖြစ် “လန်ချန်း-မဲခေါင် ဗီဇာ”ကို ထုတ်ပေးမယ်လို့ အတည်ပြု ကြေညာခဲ့တာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ တရုတ်ဘက်က မြန်မာနဲ့ စီးပွားရေးကဏ္ဍ ပိုပြီးတိုးမြင့်စေချင်တာကြောင့် အခုလို ခွင့်ပြုပေးတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အရင်က စီးပွားရေးကိစ္စတွေသွားရင် ရိုးရိုး ပတ်စ်ပို့နဲ့ သံရုံးမှာ ဗီဇာလျှောက်ပြီး သွားလို့ရတယ်။ နှစ်ပတ်ကနေ တစ်လအထိ ရတယ်။ အခုက နေထိုင်ခွင့် ရက်ထပ်တိုးတဲ့သဘောပေါ့။ စီးပွားရေးမှာ ပိုပြီးပူးပေါင်းဖို့ ရှိတဲ့အခြေအနေပါ”
“လန်ချန်း-မဲခေါင် ဗီဇာ” ဟာ မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း တို့လည်း ပါဝင်ပါတယ်။