သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်ခရီးစဉ်အတွင်း ကချင်တိုင်းရင်းသားများ ဆန္ဒပြ
2013.07.15

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိသျှအစိုးရဲ့ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။
Heathrowနိင်ငံတကာလေဆိပ်ကို ရောက်ရှိသွားချိန်မှာ ဗြိတိန်နိုင်ငံရောက် ကချင်တိုင်းရင်းသားတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲစည်းရုံးကျင်းပခဲ့တဲ့ ကချင်တိုင်းရင်းသားအဖွဲ့က ဒုဥက္ကဌ Ring Du Lachung RFA ကို ပြောပါတယ်။
"ကျနော်တို့ UK မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ ကချင်အဖွဲ့အစည်းတွေကနေပြီးတော့ ဆန္ဒပြရတဲ့အကြောင်းအရင်းက ကျနော်တို့ ကချင်ပြည်နယ်မှာ သမ္မတ ဦးသိန်းစိန်တာဝန်ယူပြီးတဲ့နောက်မှာ ပြည်တွင်းစစ်အကြီးအကျယ် ပြန်လည်ဖြစ်ပွားခဲ့တယ်၊ ရွာတွေ ဘုရားကျောင်းတွေ ပျောက်ကွယ်ပျက်စီးမှုဖြစ်လာတယ်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို သူတို့စစ်မှန်စွာမလုပ်ဘူး၊ အဲဒီအချက်တွေကြောင့် ကျနော်တို့ ကချင်တိုင်းရင်းသားတွေက ဆန္ဒပြရခြင်းဖြစ်ပါတယ်ခင်ဗျ"
သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့က VIP သီးခြားတံခါးပေါက်က ထွက်ခွါသွားလို့ အဲဒီ ကချင်ဆန္ဒပြသမားတွေကို တွေ့မသွားဘူးလို့လဲ သိရပါတယ်။
ဗြိတိသျှဝန်ကြီးချုပ် David Cameronကို အမှတ် ၁ဝ Downing လမ်းလို့ ကမ္ဘာကျော်တဲ့ ဝန်ကြီးချုပ်ရုံးကို သမ္မတ ဦးသိန်းစိန် သွားရောက်တွေ့ဆုံတဲ့အချိန်မှာလဲ အဲဒီကချင်တိုင်းရင်းသားအဖွဲ့ဟာ ထပ်မံသွားရောက်ဆန္ဒပြကြဦးမယ်လို့ Ring Du Lachyung က ပြောပါတယ်။
အဲဒီနောက် ညနေပိုင်းမှာ Chatham Houseအဆောက်အဦးမှာ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာမိသားစုတွေ အပါအဝင် နိင်ငံတကာအဖွဲ့အစည်းများနဲ့ တွေ့ဆုံပွဲမှာလဲ ဆက်လက်ပြီး ဆန္ဒပြဦးမယ်လို့ ဆိုပါတယ်။