တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားရပ်တွေ မှာ တရုတ်ဖက် မြန်မာရပ်မည်ဟု ဦးသိန်းစိန်ပြော
2014.06.28

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေပြီး ဒီကနေ့မှာ တရုတ်မြန်မာအိန္ဒိယ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ ၅ ချက် လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၆၀ ပြည့် အထိမ်း အမှတ်ပွဲတွေကို တက်ရောက်မယ်လို့ သိရပါတယ်။
ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံအကြား ဆက်ဆံရေး တိုးမြင့်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ တရုတ်အစိုးရထုတ် တရုတ်ပြည်သူ့နေ့စဉ်သတင်း မှာ ရေးသားထားပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် စဉ်ဆက် မပြတ် ထောက်ခံအားပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားကိစ္စရပ်တွေမှာ တရုတ်ဖက်က ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့တယ်လို့လည်း သတင်းမှာရေးသားထားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေ ဆက်ပြီးထားရှိမယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိတွေ အပြန်အလှန် ချစ်ကြည်ရေးခရီးတွေ တိုးမြင့်စေလွှတ်ဖို့၊ တရုတ်ကွန်မြူနစ်ပါတီနဲ့ မြန်မာနိုင်ငံက အာဏာရ ကြံ့ခိုင်ရေးပါတီတို့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အတွေ့အကြုံဖလှယ်တာတွေ လုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုနဲ့ နယ်စပ်မှုခင်းတွေ အတူတကွ တိုက်ဖျက်ဖို့ စတာတွေကို တရုတ်သမ္မတက အဆိုပြုခဲ့တယ်လို့ သိရပါတယ်။
၁၉၅၄ ခုနှစ်က မြန်မာ၊ တရုတ်၊ အိန္ဒိယ အိမ်နီးချင်း ၃ နိုင်ငံအကြားနယ်မြေနဲ့ အချုပ်အခြာ အာဏာပိုင်မှုကို အပြန်အလှန်လေးစားရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို ပူးတွဲ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။