မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးလို့ ဦးရွှေမန်းပြော
2013.06.14

ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ မှာ နေထိုင်သူတွေဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ် လို့ ပြောဆိုပေမယ့် မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ ရိုဟင်ဂျာဆိုတာမရှိဘူး လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center)မှာ မနေ့က ကျင်းပတဲ့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ အပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့အမြင် ခေါင်းစဉ် နဲ့ ဆွေးနွေးပွဲအပြီးမှာ လွှတ်တော်ထဲက ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာပါ။
"ဥပဒေထဲမှာနဲ့ သမိုင်းအစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက်အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်"
ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ မေးမြန်းချက်နဲ့ ပတ်သက်လို့ သူရ ဦးရွှေမန်းက ဆွေးနွေးပွဲမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ကိုးကွယ်တဲ့အယူဝါဒအရ ခွဲခြားမှုမပြုရဘူးလို့ ဒီလိုပဲပြဌာန်းထားပါတယ်၊ ထိုနည်းတူစွာပဲ နိုင်ငံသားများရဲ့ အခွင့်အရေးကိုလည်း ပြည့်ဝစွာပေးရမယ်လို့ ပြဌာန်းထားတာရှိပါတယ်၊ ဒါကြောင့် ရိုဟင်ဂျာ ခေါ်ခေါ် ဘင်္ဂါလီ ခေါ်ခေါ်သို့မဟုတ်ရှိရင် ကိုးကွယ်တဲ့အယူဝါဒအပေါ်မူတည်ပြီးတော့ ကိုးကွယ်ကြတဲ့ မွတ်စလင်ဘာသာဝင်တွေကို ဥပဒေအရ ခွဲခြားဆက်ဆံဆောင်ရွက်ခွင့်မရှိပါဘူး၊ အဲသလို ဥပဒေကို ဆန့်ကျင်ချိုးဖောက်ပြီးတော့ ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ"
ဆက်လက်ပြီး သူရဦးရွှေမန်းက မြန်မာနိုင်ငံမှာ ၉၆၉ စာတမ်းကပ် သွေးခွဲလှုပ်ရှားမှုတွေကို သက်ဆိုင်ရာက ဖော်ထုတ်အရေးယူနေပြီဖြစ်ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ ကလေးနှစ်ယောက်ထက်ပိုမယူရ ဆိုတဲ့ အမိန့်ချမှတ်ထားတယ်ဆိုတဲ့ကိစ္စ လွှတ်တော်ကို တစုံတရာတင်ပြတာ မရှိသေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။