သမ္မတထံ စာပို့လိုက်တဲ့အကြောင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ သတင်းစာရှင်း


2018.05.15
usdp-press-622.jpg ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Zarni Htun/RFA

နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ကိုင်ဆောင်ထားသူတွေကို နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်မယ်ဆိုရင် အကြမ်းဖက်သမားတွေ ပါဝင်လာနိုင်တဲ့အပေါ် စိုးရိမ်တဲ့အတွက် ကန့်ကွက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်တွေက ဒီနေ့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အထွေထွေအခြေအနေတွေနဲ့ ဆက်စပ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး ပါတီ ၂၇ ခုက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ စာပေးပို့လိုက်တာနဲ့ ပတ်သက်ပြီး  ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါက်တာ ကျော်စိုး က ပြောတာဖြစ်ပါတယ်။

"၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာမယ့် ဘင်္ဂါလီတွေကို နိုင်ငံသား အဖြစ် စိစစ်မှုမပြုရသေးဘဲ NVC ကတ်ကိုင်ရုံ ပုံစံလေးဖြည့်ရုံနဲ့ တနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားခွင့် ပြုလိုက်မယ်ဆိုရင် ဒီလူတွေနဲ့ရောပြီး ARSA လို့ခေါ်တဲ့ အကြမ်းဖက်သောင်းကျန်းသူတွေ ပါဝင်မလာဘူးလို့ ဘယ်သူတာဝန်ခံမလဲ။ NVC ကတ်ကိုင်ရုံနဲ့ နိုင်ငံသားမဖြစ်သေးပါဘူး။ ဒါကြောင့် NVC ကတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသားဖြစ်ရန် အရည်အချင်းပြည့်မီကြောင်း ပြောကြားချက် နဲ့ ပြည်ပနိုင်ငံများ၏ တောင်းဆိုချက်များကို NLD ပါတီက အလေးနက်ထားပါကြောင်း၊ NLD ပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်"

အရင်အစိုးရလက်ထက် အဆက်ဆက်က ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ ဘင်္ဂါလီဆိုတဲ့ စကားလုံး အသုံးအနှုန်းကို ဖျောက်ပြီး "ရခိုင်ဒေသမှ မွတ်စလင်အသိုင်းအဝိုင်း" လို့ သုံးနှုန်းတာဟာ သူတို့  မူလထွက်ခွာလာတဲ့နေရာဒေသကို ဖျောက် ဖျက်ပေးရာရောက်တာကြောင့် အဲဒီအသုံးအနှုန်းကို ကန့်ကွက်တယ်လို့လည်း ပြောပါတယ်။

ဒ့ါအပြင် ကိုဖီအာနန်ကော်မရှင်အတွက် သုံးစွဲနေတဲ့ အသုံးစရိတ်တွေနဲ့ ပြည်နယ်/တိုင်းဒေသကြီးမှာ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းကြီးတွေရဲ့ ငွေကြေးသုံးစွဲမှုတွေကို ပွင့်လင်းမြင်သာအောင် ပြည်သူကို အသိပေးဖို့ တိုက်တွန်းကြောင်း သမ္မတထံ ပေးပို့တဲ့စာမှာ ပါဝင်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ရဲ့ အကျဉ်းသားတွေကို ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးနဲ့ဆက်စပ်တဲ့ အကျဉ်းသားတွေနဲ့ပတ်သက်ပြီး အစဉ်အလာအတိုင်း ဆောင်ရွက်ခဲ့တာမရှိတဲ့အပေါ်လည်း ဝေဖန်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ရခိုင်အမျိုးသားအင်အားစုပါတီ၊ လီဆူအမျိုးသား ဖံ့ွဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖံ့ွဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ စတဲ့ ပါတီ ၂၇ ခုက သမ္မတထံ စာပေးပို့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။