NVC ကတ်ကိစ္စ ပြည်ထောင်စုလွှတ်တော်မှာ အစိုးရအဖွဲ့ရှင်းလင်း
2018.05.14

နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကိုင်ဆောင်ထားသူတွေဟာ ယာယီခရီးသွားလာခွင့်လက်မှတ် ပုံစံ ၄ နဲ့ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်ရဲ့ ဒေသန္တရအမိန့်၊ ညွန်ကြားချက်နဲ့သာ သွားလာခွင့်ရှိမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချာထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အစိုးရရဲ့ NVC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဉ်အပါအဝင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရဲ့ လုပ်ငန်းစဉ်တွေကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒေါက်တာ ဝင်းမြတ်အေးက NVC ကတ်ကိုင်ဆောင်သူတွေ လွတ်လပ်စွာသွားလာခွင့်ရှိကြောင်း ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေကြောင့် ဝန်ကြီးရဲ့ ပြောကြားမှုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဝှိုက်ကတ်လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေကို ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က နောက်ဆုံးထား ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ဝှိုက်ကဒ်ပြန်လည်အပ်နှံသူပေါင်း ၄ သိန်း ၇ သောင်းနီးပါးရှိခဲ့ပြီး အဲဒီထဲက ရခိုင်ပြည်နယ်မှာ အပ်နှံသူ ၄ သိန်းရှိခဲ့တယ်လို့ သိရပါတယ်။
ဝှိုက်ကတ်ပြန်လည်အပ်နှံသူတွေကို NVC ကတ်တွေ ထုတ်ပေးတာ အခုဆိုရင် လူဦးရေ ၁၅၇ဝဝ ကျော်ရှိနေပြီ လို့လည်း သိရပါတယ်။