ကြံခိုင်ဖွံ့ဖြိုးရေး ပြော စကား ဒေါ်အောင်ဆန်းစုကြည် ပယ်ချ


2014.01.01
dassk-parliment-305.JPG ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အချက်တွေထဲမှာ သမ္မတရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး သား သမီးတွေ မြန်မာနိုင်ငံသား ဖြစ်ရမယ်လို့ သတ်မှတ်အကြံပြုခဲ့တာဟာ ဥပဒေနဲ့ ကိုက်ညီမှု လုံးဝမရှိဖူးလို့ ဝေဖန်ပြောကြား လိုက်ပါတယ်။

" တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်ကပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့ကလူကြီးဖြစ်ပြီ သူတို့ဘဝကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ ဥပဒေအရဆိုရင် ဘာမှ မတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ ဘာမှလည်း တာဝန်မရှိတော့ဘူး၊ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာ သူတို့ ဘာနိုင်ငံသား ခံယူခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လိုဆိုင်အောင်လို့လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး၊ ဒါတမင်သက်သက် လုပ်ထားတာပေါ့နော်"

RFA က သီးသန့်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်နိုင်ရေး အတွက် ၂ဝ၁၅ တက်လာမယ့်အစိုးရနဲ့ ညှိနိုင်းမယ်လို့ တရုတ် ကုမ္ပဏီက ဒီရက်ပိုင်း ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး တကယ်လို့ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရင် အဲဒီလိုဆောင်ရွက်မှာလားလို့ မေးမြန်းခဲ့ရာမှာတော့ ညှိနှိုင်းရေးမှတပါး တခြားနည်းလမ်း မရှိဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုပါတယ်။

" မညှိနှိုင်းလို့ ဘယ်နဲ့လုပ်မလည်း၊ ဘာကြောင့်လည်းဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ၊ အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ၊ ဒီမြစ်ဆုံ စီမံကိန်းကို သဘောတူခဲ့တုံးကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းကို ၅ နှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့်အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုးဖြစ်နေတာပေါ့ အဲ့ဒါတော့ အမကမကြိုက်ဘူး၊ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရှိရမယ်"

ဒါ့အပြင်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီပေးဖို့ကိစ္စကို လွှတ်တော်ပြန်လည် စတင်တဲ့အခါ NLD က ဆွေးနွေးတင်ပြမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။