ဦးဆန်းဆင့်ကို လွှတ်ပေးဖို့ ပုသိမ်ဒေသခံတွေ ဆန္ဒပြတောင်းဆို


2014.07.01
usansint-305 ဖမ်းဆီးခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းက လယ်သမားတွေနဲ့ ဒေသခံ တချို့ ဇူလိုင်လ ၁ ရက်နေ့က ပုသိမ်းမြို့မှာ တောင်းဆိုဆန္ဒပြ စဉ်
Photo: Myo Zaw Ko/ RFA

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို လွှတ်ပေးဖို့ ဧရာဝတီတိုင်းက လယ်သမားတွေနဲ့ ဒေသခံတချို့ဟာ ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံက လူထုဟစ်တိုင်ရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပုသိမ်မြို့လူ့အခွင့် အရေးကာကွယ်စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ဝင် ဦးထွန်းထွန်းဦးက အခုလိုပြောပါတယ်။

"ဦးဆန်းဆင့်ကို ကျနော်တို့ သာသနာရေးဝန်ကြီး ဌာနကနေ ဝန်ကြီးအဖြစ်က ရပ်စဲပြီးတော့ သူ့အပေါ် ကို ပုဒ်မ ၄၀၉/ ၁၀၉ နဲ့ တရားစွဲဆိုခံထားရတယ် ဆိုပေမဲ့ ပြစ်မှှုထင်ရှားခြင်းမရှိပဲနဲ့ပေါ့နော် ကြီးလေး တဲ့ ပြစ်မှှုမဟုတ်ပဲနဲ့ပေါ့နော် တရားဆိုခံရတဲ့အမှှုတွေ ကို ပိတ်သိမ်းပေးဖို့နဲ့ သူ့ရဲ့ မူလရာထူးပြန်လည်ထား ရှိရေးကို ဆန္ဒဖော်တာဖြစ်ပါတယ်၊ နဂိုတုန်းက ဦးဆန်းဆင့် ရှိခဲ့တဲ့အချိန်တုန်းကပေါ့နော် လယ်ယာမြေကိစ္စနဲ့ ပတ်သက်ပြီး တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းပေး တာမျိုးတွေ နောက်မတရားမှှုတွေ့လို့ရှိရင် မတရားခံရတဲ့ဘက်က ရပ်တည်မှှုတွေရှိခဲ့တယ်"

ဒီကနေ့ ဆန္ဒပြပွဲကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ မအူပင်၊ ငသိုင်းချောင်း၊ ငပုတော ၊ ငွေဆောင်၊ ချောင်းသာ စတဲ့မြို့တွေက လယ်သမားနဲ့ ဒေသခံ ၆၀လောက် ပါဝင်ခဲ့ ကြပါတယ်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာတွေကြား သဘောထားကွဲလွဲ စေမှုတွေနဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဦးဆန်းဆင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ခံရပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ဆန်းပိုင်းအထိ ၂နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြန်လွှတ်ပေးဖို့ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေနဲ့ ဒေသခံတွေဟာ ပုသိမ်မြို့ ကန်သုံးဆင့်ပန်းခြံမှာ ဒီကနေ့ မနက်က ဆန္ဒပြခဲ့ကြတဲ့အကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။