ဘိုင်ဒင်နဲ့မိုဒီတို့ရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် စစ်ကောင်စီကန့်ကွက်

RFA Burmese
2023.06.25
ဘိုင်ဒင်နဲ့မိုဒီတို့ရဲ့ မြန်မာ့အရေးထုတ်ပြန်ချက် စစ်ကောင်စီကန့်ကွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ အမေရိကန်ပြည်‌ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်တွင် ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ်။
Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ဇွန်လ ၂၂ ရက်နေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် မြန်မာ့အရေး ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကို အာဏာသိမ်း စစ်ကောင်စီက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။

မြန်မာ့နိုင်ငံမှာ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းဖို့ ခေါင်းဆောင်နှစ်ဦးက အဲဒီထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဇွန်လ ၂၅ ရက် ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ... နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ လုပ်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အားပေးပူးပေါင်းဖို့လိုပြီး၊ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသွားဖို့လိုတယ်လို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်သမ္မတနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ရဲ့ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုဆိုးလာတာကြောင့် အထူးစိုးရိမ်ပူပန်ကြောင်း၊ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေကိုလည်း အမြန်ပြန်လွှတ်ပေးဖို့ လိုကြောင်း တောင်းဆိုချက်တွေ ပါဝင်ပါတယ်။

စစ်ကောင်စီကတော့ ဘယ်သူ့ကိုမှ ဥပဒေမဲ့ ဖမ်းဆီးထားတာမရှိဘူးလို့ ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ပါတီစုံ ရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမှာဖြစ်ပြီး အဲဒီရွေးကောက်ပွဲမှာ ဘယ်သူမဆိုပါဝင်ဖို့ လမ်းဖွင့်ပေးထားတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အပါအဝင် နိုင်ငံတကာကတော့ အဲဒီရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ပြည်သူလူထုရွေးကောက်ခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ နိုင်ငံတွင်း လွတ်လပ်စွာပြောဆိုခွင့်မရှိတဲ့အချိန်မှာ စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ပြင်နေတာကို လက်မခံဘူးလို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လူပေါင်း ၃၇ဝဝ လောက်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းခွဲနီးပါးကို ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။