မြန်မာ့အရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အမေရိကန်အောက်လွှတ်တော်အမတ်တွေ ကြိုးပမ်း

RFA Burmese
2024.06.27
မြန်မာ့အရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အမေရိကန်အောက်လွှတ်တော်အမတ်တွေ ကြိုးပမ်း ၂ဝ၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသော အမေရိကန်အောက်လွှတ်တော်အမတ်များအဖွဲ့ (Burma Caucus) တရားဝင်စတင်သည့် အခမ်းအနား မြင်ကွင်းတချို့။
Photo: RFA

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး Brave Burma Act လို့ခေါ်တဲ့ ဥပဒေအသစ်တစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

ဒီဥပဒေကြမ်း အတည်ပြုဖို့ ကြိုးစားနေတဲ့အကြောင်းကို ဇွန်လ ၂၇ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံအရေး စိတ်ပါဝင်စားတဲ့ အမေရိကန်အောက်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Burma Caucus အဖွဲ့ တရားဝင် စတင်တဲ့ အခမ်းအနားမှာ အဖွဲ့ ပူးတွဲ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ မစ်ရှီဂန် ပြည်နယ်ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဘေလ် ဟိုင်ဇန်ဂါ (Bill Huizenga) က ပြောသွားတာပါ။

Bringing Real Accountability via Enforcement in Burma Act ဒါမှမဟုတ် Brave Burma Act လို့ ခေါ်တဲ့ ဒီဥပဒေဟာ အမေရိကန် အစိုးရက မြန်မာစစ်တပ်ကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထိရောက်အောင် ကြပ်မတ်ပေးမယ့် ဥပဒေဖြစ်ပါတယ်။

ဒီဥပဒေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ပြည်သူတွေကို ထိခိုက်သေကျေစေတဲ့ တိုက်ခိုက်မှုတွေလုပ်နိုင်အောင် ပံ့ပိုးပေးနေတဲ့ စီးပွားရေး လုပ်ငန်းနဲ့ အဖွဲ့အစည်းအားလုံးကို အမေရိကန် သမ္မတက ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီး ချမှတ်ဖို့ လို၊ မလို နှစ်စဉ်လေ့လာသုံးသပ်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် ဘေလ် ဟိုင်ဇန်ဂါက ပြောခဲ့ပါတယ်။

ဒီဥပဒေအရ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) နဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားအရေးယူဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် လွှတ်တော်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေသူတွေကို အားပေးကူညီဖို့နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့အတွက် အမေရိကန်အစိုးရ အကောင်အထည်ဖော်သွားမယ့် လုပ်ငန်းတွေကို သတ်မှတ်ပေးတဲ့ Burma Act ဥပဒေကို အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၂ ခုနှစ်က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

အခု အောက်လွှတ်တော်က အတည်ပြုဖို့ ကြိုးစားနေတဲ့ ဥပဒေသစ်ဟာ ရှိပြီးသား Burma Act ဥပဒေပါ ဆောင်ရွက်ချက်တွေကို အားဖြည့်ပေးမှာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရနဲ့ မိတ်ဖက် နိုင်ငံအားလုံးရဲ့ ဆောင်ရွက်ချက်တွေကို စုစည်းပေးမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူး စေ့စပ်ညှိနှိုင်းရေးမှူးရာထူးကို အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပြန်လည်ခန့်အပ်ဖို့လည်း ပါဝင်တယ်လို့ ဘေလ် ဟိုင်ဇန်ဂါက ပြောသွားပါတယ်။

ဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး တို့လည်း တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။