မြန်မာအပေါ်ပိတ်ဆို့အရေးယူဖို့ အမေရိကန်လွှတ်တော်ကို ၄၆ ဖွဲ့တိုက်တွန်း
2018.07.10
လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ မြန်မာ့တပ်မတော် အရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူရေးအတွက် ဥပဒေသစ်တရပ် ချမှတ်ပြဋ္ဌာန်းဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW အပါအဝင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၄၆ ဖွဲ့က အမေရိကန်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာကို အမေရိကန် လွှတ်တော်က ဂရုတစိုက်ရှိတယ်ဆိုတဲ့ အချက်ဟာ အလွန်အရေးကြီးတဲ့ လုပ်ရပ်တခုဖြစ်ပြီး၊ လောလောဆယ် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူရေး ဥပဒေသစ်ဟာ လွှတ်တော်ထိပ်တန်း ခေါင်းဆောင်တွေထံမှာ ရှေ့မဆက်နိုင်ဘဲ ရှိနေကြောင်း၊ မြန်မာ့တပ်မတော်ရဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေနဲ့ မြန်မာနိုင်ငံက တခြား လူ့အခွင့်အရေး အခြေအနေတွေ ဖြေရှင်းရာမှာ ဒီဥပဒေသစ်ဟာ မရှိမဖြစ် အရေးပါကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
ဒီဥပဒေကြမ်းဟာ အမေရိကန် အောက်လွှတ်တော်ကနေ အတည်ပြုပြီး ဖြစ်ပေမယ့် အထက်လွှတ်တော်မှာ လူများစုဖြစ်တဲ့ ရီပတ်ဘလစ်ကန် ပါတီခေါင်းဆောင်က တားမြစ်ထားတဲ့အတွက် မဲခွဲအတည်မပြုနိုင်ဘဲ ကြန့်ကြာနေရတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။