လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ကန် အမတ်တိုက်တွန်း

ရဲခေါင်မြင့်မောင်
2020.08.03

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တဲ့အတွက်၊ မြန်မာအစိုးရအပေါ် ပေးအပ်နေတဲ့ ကူညီထောက်ပံ့မှု အားလုံးကို ဖြတ်တောက်တာအပါအဝင် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အမေရိကန်အောက်လွှတ်တော်အမတ် Ted Yoho က တိုက်တွန်းလိုက်ပါတယ်။

သြဂုတ်လ ၃ရက်နေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ ရိုဟင်ဂျာအရေး ကြားနာစစ်ဆေးမှုအတွင်းမှာ အမေရိကန် အောက်လွှတ်တော် အမတ်တွေ တက်ရောက်ခဲ့ပြီး၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက တာဝန်ရှိသူတွေရဲ့ ထွက်ဆိုတင်ပြချက်တွေကို ကြားနာခဲ့ကြပါတယ်။

ဖလော်ရီဒါ ပြည်နယ်က အမေရိကန် အောက်လွှတ်တော် အမတ် Ted Yoho က အမေရိကန်နိုင်ငံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာအကျပ်အတည်း ပြေလည်စေဖို့ နည်းအမျိုးမျိုး သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာဟာ နိုင်ငံတော်က အားပေးကူညီထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ အမေရိကန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ ဟိုလိုကပ်စ် ဖြစ်ရပ်နောက်ပိုင်း ဘယ်နေရာမှာမှ အလားတူဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ဖို့ သံန္နိဌာန်ချထားခဲ့ပေမယ့် အခုချိန်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တရုတ်နိုင်ငံက ၀ီဂါ လူမျိုးတွေအပေါ်မှာ အလားတူ ကျူးလွန်ခံနေရာတာကို မတားဆီးနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီထက်ပိုပြီး ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ဖို့ လိုပါတယ်။ ဒီထဲက တစ်ခုကတော့ မြန်မာအစိုးရကို အမေရိကန်က ပေးအပ်နေတဲ့ အကူအညီအထောက်အပံ့ အားလုံးကို ရပ်ဆိုင်းလိုက်ဖို့ပါ။ အမေရိကန် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာငွေတွေကို ပြည်သူ တစ်သန်းကျော်လောက်ကို ဒုက္ခရောက်အောင် လုပ်ထားတဲ့ အစိုးရကို ကူညီဖို့ မသုံးသင့်ပါဘူး”

အခု ကိုရိုနာ ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲမှာ လိင်အခြေပြုအကြမ်းဖက်မှုတွေ တိုးပွားလာမှာကို စိုးရိမ်စရာကောင်းတဲ့အကြောင်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Refugee International အဖွဲ့က Eric Shwartz က ပြောပါတယ်။

အခုချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာ ရောဂါ ကူးစက်ခံထားရသူ အနည်းငယ်ပဲ ရှိသေးပေမယ့် စစ်ဆေးခံသူလဲ အနည်းငယ်ပဲ ရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် ရောဂါစစ်ဆေးမှုခံယူဖို့ ပိုမိုခက်ခဲစေပြီး အဆိုးဆုံးအခြေအနေကို မရောက်သေးဘူးလို့ ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်မှာလည်း ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့ အခြေအနေ မရှိသေးတဲ့အပြင်၊ မြန်မာအစိုးရရဲ့ ကျူးလွန်မှုတွေဟာ အခြား တိုင်းရင်းသား လူမျိုးစုတွေကိုပါ တိုးချဲ့ လာနေကြောင်း၊ ပြောဆိုခဲ့ပြီး၊ အမေရိကန်နိုင်ငံခြားရေး ဌာနအနေနဲ့ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူ အဖြစ် ကြေညာပေးဖို့ တောင်းဆိုလိုကြောင်း ပြောသွားပါတယ်။

ရိုဟင်ဂျာ အရေးလှုပ်ရှားသူ မဝေဝေနုကလည်း အမေရိကန်နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိထိရောက်ရောက် ကူညီနိုင်ဖို့ အချက် ၇ ချက်ကို တောင်းဆိုခဲ့ပါတယ်။  

·   ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်လာခွင့်ရပြီး၊ နိုင်ငံသားဖြစ်ခွင့် နဲ့ အခြား အခြေခံအခွင့်အရေးတွေ ပြန်ပေးဖို့နဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့၊
·   မြန်မာစစ်ခေါင်းဆောင်တွေ နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို စီးပွားရေး ပိတ်ဆို့မှုချမှတ်ဖို့
·  အမေရိကန်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေ Burma Act ကို ပြဌာန်းပေးဖို့
·   ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် နိုင်ငံတကာအဆင့် တရားရုံးတွေမှာ ကြားနာစစ်ဆေးဖို့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်အစိုးရက ထောက်ခံဖို့၊
·   လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ ပါ၀င်မဲပေးခွင့်ရဖို့ မြန်မာအစိုးရကို တိုက်တွန်းပေးဖို့၊
·   အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်ခေါ်ဆိုဖို့
·   ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်တိုင်းမှာ ကာယကံရှင် ဒုက္ခသည်တွေကို ခေါ်ယူတိုင်ပင်ပြီးမှ ဆုံးဖြတ်ဖို့
စတဲ့ အချက် ၇ ချက်ကို တောင်းဆိုလိုကြောင်း ပြောသွားပါတယ်။

မနေ့က ကျင်းပတဲ့  အမေရိကန်အောက်လွှတ်တော် ကြားနာစစ်ဆေးမှုမှာ အိုဟိုင်းဟိုးပြည်နယ်က အောက်လွှတ်တော်အမတ် စတိ ချာဗက်၊ Save the children အဖွဲ့၊  Heritage Foundation က   တာဝန်ရှိသူတွေ တက်ရောက်ထွက်ဆိုခဲ့ကြပြီး၊ အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရိုဟင်ဂျာတွေကို ကူညီဖို့ အမေရိကန်နိုင်ငံအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။