လူဦးရေထိန်းညှိမှုဥပဒေ အမေရိကန် စိုးရိမ်


2015.05.20

မြန်မာနိုင်ငံရဲ့ လူဦးရေထိန်းညှိမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းနဲ့ တခြားဥပဒေကြမ်း သုံးခုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက မနေ့က နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းတွေဟာ အန္တရာယ်ကြီးမားပြီး၊ လူနည်းစုတွေရဲ့ ဒီမိုကရေစီမျှော်လင့်ချက်တွေကို ပျက်ပြားသွားစေမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jeff Rathke က  ဒါဟာ ကလေးမွေးဖွားနှုန်းအပေါ် ညီမျှမှုမရှိဘဲ တစ်ဘက်စောင်းနင်း အတင်းအဓမ္မထိန်းချုပ်ပြီး၊ ခွဲခြားဆက်ဆံတာကို တရားဝင်ဖြစ်အောင် ဖန်တီးတာသာဖြစ်တယ်၊ မျိုးဆက်ပြန့်ပွားခွင့်၊ အမျိုးသမီးအခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေအပေါ် လေးစားမှုရှိရေးကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီဥပဒေကြမ်းဟာ မြန်မာအစိုးရက ကတိကဝတ်ပြုထားတဲ့ လူတိုင်းတတ်နိုင်တဲ့၊ သာတူညီမျှရှိတဲ့ မိသားစုစီမံကိန်း ဖေါ်ဆောင်နိုင်ခွင့်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့အပြင်၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုလည်း ဟန့်တားထားရာရောက်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် ဒီဥပဒေကြမ်းတွေရဲ့ အဓိပ္ပာယ်ဝေဝါးပြီး၊ လိုသလိုဆွဲယူအသုံးပြုနိုင်တဲ့ အနေအထားကြောင့်လည်း မတော်မတရား အလွဲသုံးမှုတွေ၊ ခွဲခြားမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။