အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာဖို့ အမေရိကန်တိုက်တွန်း
2012.07.16
မြန်မာနိုင်ငံမှာ စီးပွားရေး အကွက်အကွင်းရှာဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကုမ္ပဏီတွေ ရှားရှားပါးပါး သွားရောက် လည်ပတ်ခဲ့ပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေးရာ လက်ထောက်ဝန်ကြီး Robert Hormats ဟာ အမေရိကန် ကုမ္ပဏီ ၃၈ ခုက အရာရှိတွေနဲ့ အတူ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံ ဆွေးနွေးပါတယ်။
အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ အလုပ်သမား အခွင့်အရေး မြှင့်တင်တာ၊ တိုင်းရင်းသား လူနည်းစုတွေ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တာနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ အပါအဝင် လူ့အခွင့်အရေး လေးစားလိုက်နာမှုအပေါ် မူတည်မယ်လို့ Mr Hormats က ပြောပါတယ်။
အစိုးရပိုင် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်းတွေလို လုပ်ငန်းတွေမှာ ထင်သာ မြင်သာရှိရှိ အဂတိလိုက်စားမှုကင်းကင်း လုပ်ကိုင်တဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံတကာ သဘောတူညီချက်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ Mr Hormats က မြန်မာ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးဆွဲခဲ့တဲ့ အဲဒီ သဘောတူညီချက်ကို စိတ်ဝင်စားတယ်လို့ မြန်မာ အစိုးရပိုင်းက လေသံထွက်လာတဲ့နောက် ဒီ သဘောတူညီချက် ဆိုင်ရာ နိုင်ငံတကာ လုပ်ငန်းအဖွဲ့ အကြီးအကဲ Jonas Moberg ဟာ မြန်မာနိုင်ငံကို ဒီ သီတင်းပတ်အတွင်း သီးခြားခရီးစဉ်အဖြစ် သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။