မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်မည်

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ် ခန့်ဖို့ အမေရိကန် အစိုးရက အသင့်ဖြစ်နေပြီလို့ မနေ့က ထုတ်ဝေတဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရေးရာ စာစောင်ဖြစ်တဲ့ Foreign Policy မဂ္ဂဇင်းမှာ ဖော်ပြလိုက်ပါတယ်။

2011.04.02
obama_un_assembly_305_z.jpg နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်တွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပသော ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဖွင့်ပွဲတွင် အမေရိကန်သမတ ဘာရက်ခ် အိုဘားမား မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီရာထူးအတွက် အာရှနဲ့ ပစိဖိတ်ရေးရာ ကာကွယ်ရေးဌာန ဒုတိယ လက်ထောက်ဝန်ကြီး Derek Michell ကို အမေရိကန်သမ္မတ အိုဘားမားက ခန့်အပ်တော့မယ့်အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အခု ခန့်အပ်ဖို့ ရွေးချယ်ထားသူဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သင့်တော်သူတဦး ဖြစ်တယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ဦးအောင်ဒင် က ပြောပါတယ်။

“Derek Michell က လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုလက်ထောက် ကာကွယ်ရေးဝန်ကြီးပေါ့။ သူက မြန်မာနိုင်ငံ အရေးကိစ္စကို ထဲထဲဝင်ဝင် ပတ်သက်ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒီတာဝန် မထမ်းဆောင်ခင်က အမေရိကန်မှာ ထင်ရှားတဲ့ Think Thank အဖွဲ့ဖြစ်တဲ့ Center for International Study and Stragegy မှာ အာရှတိုက်ရေးရာ တာဝန်ခံတယောက် ဖြစ်ခဲ့တာပေါ့။ ဒါကြောင့် မြန်မာနိုင်ငံ အကြောင်းကို သူကောင်းကောင်း သိတယ်။ မြန်မာနိုင်ငံ ကိစ္စကိုလည်း  အရမ်း စိတ်ဝင်စားတယ်။ နောက် အခု ကာကွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်တော့လည်း အာရှနဲ့ ပစိဖိတ် ဒေသဆိုင်ရာဌာနမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်။ အခုလို သမ္မတအိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး တာဝန် ပေးမယ်ဆိုတော့ ကျနော်တို့ကတော့ ကြိုဆိုပါတယ်”

ဒီရာထူးတာဝန်ဟာ ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ဥပဒေ Jade Act ရဲ့ လိုအပ်ချက်တခု ဖြစ်ပြီး အခုမှ ခန့်အပ်နိုင်တော့မှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။