တရားသူကြီးချုပ်အပါအဝင် စစ်ကောင်စီနဲ့ဆက်နွယ်သူ ၇ ဦးကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ဒဏ်ခတ်အရေးယူ

မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရေးဌာနအပါအဝင် လူပုဂ္ဂိုလ် ၇ ဦးနဲ့၊ စီးပွားရေး လုပ်ငန်း ၂ ခုကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ စာရင်းထဲမှာ ... ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး၊ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့၊ သူရဲ့သားတွေဖြစ်တဲ့ ကိုထူးထက်တေဇ၊ ကိုပြည့်ဖြိုးတေဇ၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန် မျိုးကျော်သောင်း၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး တို့ကို ထည့်သွင်းထားပါတယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်းရဲ့ KT Group နှဲ့ KTSL ကုမ္ပဏီ လိမိတက်တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုပြီး ပြစ်ဒဏ် ချမှတ်တဲ့ အမှုတွေမှာ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့ ပါဝင်ပတ်သက်နေတာကြောင့် သူတို့ကိုပါ အရေးယူရတာလို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
သူတို့တွေဟာ ရာထူးအာဏာကိုသုံးပြီး နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး ယုတ်လျော့စေပြီး ဒီမိုကရေစီအဖွဲ့အစည်းတွေ အင်အားချိနဲ့ ဆုတ်ယုတ်အောင် စစ်အာဏာရှင်ဘက်ကနေ အလုပ်လုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ အရေးယူဒဏ်ခတ်မှုတွေကို အမေရိကန်အစိုးရအနေနဲ့ ဗြိတိန်၊ ကနေဒါတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့လည်း ပြောထားပါတယ်။