မြန်မာကို ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးမယ်လို့ အမေရိကန်ပြော
2023.03.22

အမေရိကန်ပြည်ထောင်စုဟာ လာမယ့်ရက်တွေအတွင်းမှာ မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီးချမှတ်သွားဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က မတ်လ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာစစ်တပ်က လုပ်နေတဲ့ စစ်ဆင်ရေးတွေအတွက် လောင်စာဖြစ်နေတဲ့ ဝင်ငွေတွေ ရရှိရေး ပိုပြီးခက်ခဲလာအောင် ဖိအားပေးတာ တိုးမြှင့်ဖို့ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်နေပါတယ်လို့ ဒဲရစ်ချောလက်က သတင်းထောက်တွေကို ပြောပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ကျရှုံးနိုင်ငံတစ်နိုင်ငံဖြစ်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့လည်း သူက ပြောပါတယ်။
အခုအချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံက လူပေါင်း ၈၀ နဲ့ အဖွဲ့အစည်း ၃ဝ ကျော်ကို ပိတ်ဆို့အရေးယူထားပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို လက်နက်ထောက်ပံ့နေတာ ရပ်တန့်မယ် ဆိုရင် မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေကို ရပ်တန့်စေဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမယ်လို့လည်း ဒဲရစ်ချောလက်က ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် မပြုဖို့ ပိတ်ပင်ထားတာကိုလည်း ဆက်လက်ထားရှိဖို့ ဒဲရစ်ချောလက်က တိုက်တွန်းသွား ပါတယ်။