စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါ ပိတ်ဆို့အရေးယူ

RFA Burmese
2025.03.07
စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါ ပိတ်ဆို့အရေးယူ (ဝဲ မှ ယာ) စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးကိုကိုလှိုင်၊ ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဒေါက်တာကံဇော်တို့အား တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အပံ့ပေးနေတဲ့ မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း ကနေဒါအစိုးရက ကြေညာလိုက်ပါတယ်။

စစ်ကောင်စီ အဖွဲ့ဝင် ဦးဘရွှေနဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာ ကံဇော်၊ ဦးကိုကိုလှိုင်၊ ဦးအောင်ကျော်ဟိုး၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ်လူမွန်၊ ဦးအောင်ကျော်ထွန်း၊ ဦးအောင်မြိုင်၊ ဗိုလ်ချုပ်ကိုလေး၊ ဒေါ်သန်းသန်းလင်း၊ ဦးမင်းထွဋ်၊ ဦးထင်ကျော်သူ စတဲ့ လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာစစ်တပ်နဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့မှာ ကြေညာလိုက်တာပါ။

အခုလိုပိတ်ဆို့အရေးယူလိုက်တာဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာစစ်တပ်က အကြီးအကဲတွေ စနစ်တကျ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ မြန်မာပြည်မှာ ပိုဆိုးရွားလာတဲ့အကျပ်အတည်းတွေအတွက် တာဝန်ရှိတာကြောင့်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ငွေကြေးဆိုင်ရာ ပံ့ပိုးမှုအားလုံး ရပ်ဆိုင်းဖို့၊ စစ်အုပ်စုနဲ့ သူတို့နဲ့ဆက်စပ်သူတွေဆီကို လက်နက်တွေ၊ စစ်ပစ္စည်းတွေ၊ နည်းပညာအကူအညီပေးတာတွေ ရပ်တန့်ဖို့လည်း ကနေဒါအစိုးရက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

ကနေဒါအစိုးရဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ နိုင်ငံတကာနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေ တာဝန်ခံမှုရှိစေဖို့ ဆက်လက်တောင်းဆိုတာတွေ၊ ဖိအားပေးတာတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းနောက်ပိုင်း မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ၊ လေယာဉ်ဆီတင်ပို့မှု တားမြစ်တာအပြင် ကနေဒါနိုင်ငံသားတွေအနေနဲ့ အရေးယူခံထားရတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးဆက်စပ်ဆောင်ရွက်တာတွေ မလုပ်ဖို့ တားမြစ်တာ၊ ငွေကြေး ဒါမှမဟုတ် ဆက်စပ်တဲ့ ဝန်ဆောင်မှုပေးတာတွေကို တားမြစ်ပိတ်ဆို့ပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။

ကနေဒါအစိုးရဟာ အခုဆိုရင် လူပုဂ္ဂိုလ် ၁၄၉ ဦးနဲ့ အဖွဲ့အစည်း ၉၂ ခုကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။