လွှတ်တော်အမတ် ဦးအောင်သောင်းကို အမေရိကန် ပိတ်ဆို့အရေးယူ
2014.10.31

စက်မှုဝန်ကြီးဟောင်း၊ လက်ရှိ ပြည့်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက အထူးပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး OFAC က မနေ့က ကြေညာ လိုက်ပါတယ်။
သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင်၊ ဦးသိန်းစိန်အစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင် တချို့ ဆွေးနွေးကြတဲ့ မနေ့က ကြေညာခဲ့တာပါ။
ဦးအောင်သောင်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ နှောင့်ယှက်ဖျက်ဆီးနေ သူဖြစ်တဲ့အတွက် ပိတ်ဆို့အရေးယူတာဖြစ်ကြောင်း OFAC ကြေညာချက်မှာဖေါ်ပြပါတယ်။
OFAC ညွှန်ကြားရေးမှူး အာဒမ် ဇူဘင် ကလည်း ဦးအောင်သောင်းဟာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှုတွေ ပျက်ပြားအောင် အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ၊ အကျင့်ပျက်ခြစား လာဘ်ပေးလာဘ်ယူမှုတွေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသူဖြစ်တယ် လို့ ပြောဆိုပါတယ်။
အရေးယူချက်အရ ဦးအောင်သောင်းရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီး၊ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်လု ပ်ငန်းကုမ္ပဏီတွေကိုလည်း ဦးအောင်သောင်းနဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။ နိုင်ငံတကာဘဏ်တိုက်တွေ အများအပြားဟာလည်း အမေရိကန်ရဲ့ ရန်သူစာရင်းဝင်တွေနဲ့ မဆက်ဆံဘဲ ရှောင်ရှားကြမှာဖြစ်ပါတယ်။
အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဦးအောင်သောင်းဟာ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံခဲ့ ရတဲ့ ဒီပဲရင်းအရေးအခင်းမှာ အဓိကတာဝန်ရှိသူဖြစ်သလို၊ မကြာခင်နှစ်ပိုင်းတွေက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခတွေရဲ့နောက်ကွယ်ကနေ ကြိုးကိုင်နေသူဖြစ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဦးအောင်သောင်းကတော့ အဲဒီစွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆိုင်းငံ့ပေးခဲ့ပေမဲ့၊ လုံးလုံးလျားလျား ရုပ်သိမ်းပေးတာ မဟုတ်တဲ့အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး OFAC က ချမှတ်ထားတဲ့ ဥပဒေတွေကြောင့် မြန်မာ့စီးပွားရေးတွင် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပြီး၊ အထူးကန့်သတ်ထား တဲ့ နိုင်ငံသားများစာရင်း SDN ကို ဆက်လက်ထားရှိဆဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း အပေါ် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်ပြီး သဘောထားအမြင်တချို့ကို ဦးတင်အောင်ခိုင်က စုစည်းတင်ပြမှာပါ။