ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇ဝ ကူညီ

2022.09.22
ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇ဝ ကူညီ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာတချို့အားတွေ့ရစဉ်။
Photo: AFP

ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက ရိုဟင်ဂျာဒုက္ခသည်တွေအတွက်၊ လူသားချင်းစာနာထောက်ထားရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ကူညီထားတာ ဒေါ်လာ ၁.၉ ဘီလီယံနီးပါး ရှိပြီဖြစ်ပါတယ်။

အခု ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၃ သန်းကျော်ကို အမေရိကန်နိုင်ငံခြားရေးဌာနကတစ်ဆင့် ကူညီမှာဖြစ်ပြီး ဒေါ်လာ ၇၇ သန်းကျော်ကိုတော့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အထူးအေဂျင်စီ USAID ကတစ်ဆင့် ကူညီမှာဖြစ်ပါတယ်။

ဒေါ်လာ ၁၃၈ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းလေးသောင်းနဲ့ အဲဒီဒုက္ခသည်တွေကို လက်ခံထားပြီး ကူညီနေတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးသိန်းလေးသောင်းအတွက် အထူးအစီအစဉ်အနေနဲ့ ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအလှူငွေနဲ့ စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အမိုးအကာနဲ့ လူမှုရေးအထောက်အကူတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း USAID က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

အမည်မဖော်လိုသူ
2022-09-23 04:26

အမေရိကကို ဒုက္ခသည်အဖြစ်ခေါ်ပေးလို့ မရဘူးလား။