မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း အမေရိကန်ပြောဆို

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာ ကြောင်း ဧပြီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁ဝ ခုနှစ် ကမ္ဘာတဝှမ်း လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2011.04.09
hilary_clinton_asean_305_z အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်၊ ဇူလိုင် ၂၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသော ၁၇ ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ လုံခြုံရေး ညီလာခံ တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီ အစီရင်ခံစာမှာ  မြန်မာနိုင်ငံ အခြေအနေအကြောင်းကို စာမျက်နှာ ၂၂ မျက်နှာ ဖော်ပြထားပါတယ်။

မြန်မာစစ်အစိုးရဟာ ၂ဝ၁ဝ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတွေရဲ့ အစိုးရ ပြောင်းလဲရွေးချယ်ခွင့်ကို ပိတ်ပင်တားဆီးမှုနဲ့ တခြား လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေ ဆက်လက် ကျူးလွန်နေခဲ့ကြောင်း၊ ဥပဒေလက်လွတ် သတ်ဖြတ် စီရင်တာတွေ၊ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးမှုတွေ၊ အစပျောက်သွားတဲ့ ကိစ္စတွေ၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အမျိုးသမီးတွေအပေါ် အဓမ္မကျင့်မှုတွေ အတွက် အစိုးရတပ်တွေမှာ တာဝန်ရှိကြောင်း၊ ဒါ့ပြင် အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းက လက်သပ် မွေးထားသူတွေရဲ့ ဥပဒေမဲ့ ထင်သလို ပြုမူတာတွေ၊ ခြိမ်းခြောက် ရန်ပြုတာတွေ၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ထိုးစစ်တွေ ဆက်လက် ဆင်နွဲနေတဲ့အတွက် တိုင်းရင်းသားတွေ အသက်ဆုံးရှုံး၊ အိုးအိမ်စွန့် ထွက်ပြေးနေရတာတွေ စတဲ့ အခြေအနေဆိုးတွေကို ဖော်ပြထားပါတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီး  ဟီလာရီ ကလင်တန်က တရုတ်၊ မြောက်ကိုရီးယား၊ မြန်မာ၊ ကျူးဘား၊ ဇင်ဘာဘွေ၊ နိုင်ဂျီးရီးယား၊ လစ်ဗျား စတဲ့ နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်ပုံတွေအကြောင်း ပြောဆိုခဲ့ပါတယ်။

“ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တွေကို အစိုးရတွေက အင်အားသုံး ဖိနှိပ်တဲ့နည်း အပြင်၊ ၂ဝ၁ဝ ခုနှစ်မှာ ဒုတိယ ပေါ်လာတဲ့နည်းက လူတွေကို အင်တာနက်နဲ့ ဝေးအောင် လုပ်ထားတဲ့နည်းပဲ ဖြစ်ပါတယ်၊ မြန်မာနဲ့ ကျူးဘားနိုင်ငံတွေမှာ အင်တာနက်ကနေ အစိုးရအပေါ် ဝေဖန်သူတွေ ပေါ်ထွက်လာမှာကို ဟန့်တားတဲ့အနေနဲ့ သာမန်လူထုကို အင်တာနက်နဲ့ အလှမ်းဝေးအောင် လုပ်ထားပါတယ်” လို့ မစ္စက်ကလင်တန်က ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာအပြီးနဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ မြောက်ကိုရီးယားနဲ့ နှိုင်းစာရင် ဘယ်လိုရှိပါသလဲလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တယောက်က မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် အတွင်းရေးမှူး မစ္စတာ မိုက် ပေါ်စနာ ( Mike Posner ) က ...

“မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကျနော်တို့ စိုးရိမ်နေရတုန်းပါပဲ၊ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ထိန်းသိမ်းခံနေရဆဲ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်လည်း မတရားသဖြင့် တားဆီး ချုပ်ချယ်ထားတုန်းပါ၊ သွားရမယ့်ခရီးက ဝေးပါသေးတယ်၊ ဒါပေမယ့် မြန်မာပြည်ဆိုင်ရာ အမေရိကန် အစိုးရ ကိုယ်စားလှယ်တယောက် ခန့်အပ်ဖို့ ရှိပါတယ်၊ ဒီကိစ္စက မြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်” လို့ မစ္စတာ မိုက်ပေါ်စနာက ပြန်လည် ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။