မြန်မာစစ်တပ်လုပ်ရပ် လက်ခံနိုင်စရာမရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဝေဖန်

မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို အလေးမထားတာ၊ လူထုကျန်းမာရေးအတွက် ကာကွယ်ဆောင်ရွက်ဖို့ ပျက်ကွက်တာတွေဟာ လုံးဝ လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီး လွိုက် အော်စတင်က ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှ ခရီးစဉ်အတွင်း စင်္ကာပူ နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန (IISS) မှာ ဇူလိုင် ၂၇ ရက်နေ့က မိန့်ခွန်းပြောကြားရာမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီး က အခုလို ထည့်သွင်းပြောခဲ့တာပါ။ ဒါ့ပြင်မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် အာဆီယံအနေနဲ့ ထပ်ပြီး တောင်းဆိုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်ဆိုတာ ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး တခြား ဆန့်ကျင်ဘက် ကိစ္စတွေအတွက် မဟုတ်ကြောင်း၊ မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာပြီး ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအတွက် အာဆီယံရဲ့ ကြားဝင်ညှိနှိုင်းဖို့ အားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးကြောင်းလည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
နောက်ထပ် AP သတင်းတစ်ပုဒ်မှာတော့… မြန်မာစစ်ကောင်စီ လမ်းကြောင်းမှန်ပေါ် ရောက်သွားဖို့နဲ့၊ ဖမ်းဆီးအကျဉ်းချထားတဲ့ အရပ်သားတွေကို ပြန်လွှတ်ပေးဖို့ အတွက် အမေရိကန် အနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး လွိုက်အော်စတင်က ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။