အမေရိကန် ဒု-လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မွတ်စလင်ခေါင်းဆောင်တွေတေ့ွ


2018.11.07
us-minister-anp-622.jpg ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright တို့ အဖွဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချူပ်ရုံးတွင် တာဝန်ရှိသူများနဲ့ ၂၀၁၈၊ နိုဝင်ဘာ ၇ ရက်နေ့က လာရောက်တွေ့ဆုံစဉ်
Photo: ရခိုင်အမျိုးသားပါတီ ၊ စစ်တွေမြို့နယ် ANP-SITTWE

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ နေထိုင်တဲ့ မွတ်စလင်တွေရဲ့ နိုင်ငံသားဖြစ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အခြား လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာသေးတာကြောင့် မြန်မာအစိုးရတာဝန်ရှိသူတွေကို တွန်းအားပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာန၊ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard Albright ကို မွတ်စလင်ခေါင်းဆောင်တွေက ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့နဲ့ စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ မွတ်စလင်ခေါင်းဆောင်တွေ ဒီနေ့ သီးသန့်တွေ့ဆုံရာမှာ မေတ္တာရပ်ခံခဲ့တာလို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ ဦးမောင်မောင်က ပြောပါတယ်။

မွတ်စလင်တွေနဲ့ပတ်သက်ပြီး အစိုးရဘက်က NVC ကတ်ထုတ်ပေးနိုင်ရေးကိုသာ အာရုံစိုက်နေသလို နိုင်ငံသားလျှောက်ထားတဲ့ ကိစ္စရပ်တွေမှာ အချိန်ကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် မြန်မြန်ဆန်ဆန်ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက် ၈၀ ကျော်ကို အစိုးရက အကောင်အထည်ဖော်ထားတယ်လို့ ပြောဆိုပေမယ့် ထင်သာမြင်သာတဲ့အချက်တွေကို မမြင်တွေ့ရသလို ခရီးသွားလာခွင့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်မှုတွေ ရှိနေတဲ့အကြောင်း တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ မကြာခင်ရက်ပိုင်းမှာ မြန်မာအစိုးရ တာဝန်ရှိသူအချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတာကြောင့် ဒီနေ့တင်ပြချက်တွေနဲ့ ပတ်သက်လို့ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်း ဦးမောင်မောင်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) တာဝန်ရှိသူတွေနဲ့လည်း ဒု လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။