မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန် သတ်မှတ်ကြေညာ

2022.03.21
မြန်မာစစ်တပ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန် သတ်မှတ်ကြေညာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဆန္ဒပြနေကြစဉ်။
Photo - reuters

ရိုဟင်ဂျာတွေအပေါ်မြန်မာစစ်တပ်ရဲ့လုပ်ရပ်ဟာ Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အမေရိကန်အစိုးရက တရားဝင်သတ်မှတ်ကြေညာလိုက်ပါတယ်။

"မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသုတ်သင်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ပြုလုပ်ထားတယ်ဆိုတာ ကျနော့်အနေနဲ့ အတိအလင်းထုတ်ဖော် ပြောဆိုပါရစေ။ ဒီလိုပြောဆိုဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဌာနက ရရှိထားတဲ့အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားတာအပြင်၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အပါအဝင် တခြားလူ့အခွင့်အရေးအဖွဲ့တွေက စုဆောင်းထားတဲ့အချက် အလက်တွေကိုသုံးသပ်ပြီးမှ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ Holocaust Museum ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ ဒီရက်ပိုင်းအတွင်းပြသထားတဲ့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို အကြမ်းဖက်သတ်ဖြတ်မောင်းထုတ်မှု မှတ်တမ်းတွေကို မနေ့က ကြည့်ရှုခဲ့ပြီး ပြောဆိုတဲ့ မိန့်ခွန်းမှာ မစ္စတာဘလင်ကန် ပြောဆိုတာဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းကျော်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း အသိအမှတ်ပြုပါတယ်လို့ သူကပြောပါတယ်။ အဲဒီအပြင် ရိုဟင်ဂျာတွေအကြမ်းဖက်ခံရတာနဲ့ ပတ်သက်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က - ၂၀၁၇ စက်တင်ဘာလ ၁ ရက်နေ့မှာပြောခဲ့တာကို ပြန်ပြောပါရစေလို့ အခုလို ဆိုပါတယ်။

“ဘင်္ဂလီပြဿနာဟာ နှစ်ရှည်လများ မရှင်းနိုင်ခဲ့တဲ့ ကိစ္စရပ်ဖြစ်ပြီး၊ ဒါကို အစိုးရအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနေပါတယ်” လို့ ပြောခဲ့ပြီး၊ ဒီပုဂ္ဂိုလ်ကိုယ်တိုင်ပဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့သလို အလားတူ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့သူတွေကို ဦးဆောင်နေတယ်လို့ မစ္စတာ ဘလင်ကန်က ထောက်ပြလိုက်ပါတယ်။

US.jpeg
၂ဝ၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ Holocaust Museum လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်တွင် မိန့်ခွန်းပြောကြားနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်။

အမေရိကန်အစိုးရက ဒီလိုသတ်မှတ်ကြေညာလိုက်တာကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ကြိုဆိုလိုက်ပါတယ်။

“အမေရိကန်အစိုးရရဲ့ကြေညာချက်က မြန်မာနိုင်ငံကရိုဟင်ဂျာတွေ နိုင်ငံသားအခွင့်အရေး ပြန်ရဖို့ အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်”လို့လည်း မစ္စတာခန်းကပြောပါတယ်။

အခုလို အမေရိကန်အစိုးရက သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားသိရအောင် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို မနေ့ညအထိ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ဒီမိုကရက်တစ်အမတ် Edward J. Markey က၊ သမ္မတဘိုင်ဒင်အစိုးရက အခုလိုသတ်မှတ်ကြေညာတာကို ကြိုဆိုလိုက်ပြီး၊ ၂ဝ၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လုပ်ရပ်တွေကိုလည်း War Crimes ဆိုတဲ့ စစ်ရာဇဝတ်မှုနဲ့ Crimes against Humanity ဆိုတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆို ပြစ်တင်ရှုတ်ချဖို့ တိုက်တွန်းလိုက်ပါတယ်။

HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း အမေရိကန်အစိုးရအနေနဲ့ အခုလို လူမျိုးတုံးသုတ်သင်မှုမြောက်တယ်လို့ကြေညာတာနဲ့တပြိုက်နက် မြန်မာစစ်တပ်ကို အရေးယူဖို့ကိုပါ ဆက်လက်ဆောင်ရွက်ဖို့ မနေ့ကတိုက်တွန်းပါတယ်။

Fortify Rights အဖွဲ့က လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းကလည်း အမေရိကန်အစိုးရကအခုလို တရားဝင်သတ်မှတ်ကြေညာတာဟာ နှစ်ရှည်လများခံစားနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်း က ကိုအလီဂျီနက် ကတော့ ဒီလိုသတ်မှတ်ပြောဆိုမှာကို သူတို့စောင့်နေခဲ့တာ ဆယ်နှစ်လောက်ရှိပြီလို့ RFA ကိုပြောပါတယ်။

“ကျွန်တော်တို့က အမေရိကန်အစိုးရကနေ ဂျီနိုဆိုက်လို့ ပြောပေးဖို့ မျှော်လင့်နေတာက ၂ဝ၁၂ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်မှာ စစ်တပ်က ကျူးလွန်နေတဲ့ ပြစ်မှုတွေစကတည်းက ဂျီနိုဆိုက်ဆိုတဲ့ စကားလုံးကို အမေရိကန်အစိုးရဆီက ကြားချင်နေတာ ကြာပါပြီ။ အချိန်ကာလကတော့ တော်တော်လေးနောက်ကျသွားပြီလို့ ထင်ပါတယ်။ အခု ကျွန်တော်တို့ ဒီဒုက္ခသည်စခန်းရောက်နေ တာ ၅နှစ်နီးပါးရှိနေပါပြီ၊ သို့သော်လည်း ရိုဟင်ဂျာလူမျိုးများအနေနဲ့ကတော့ အမေရိကန်အစိုးရက ဂျီနိုဆိုက်လို့ ပြောပေးမယ့်ဟာကို ကြိုဆိုနေပါတယ်”

အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သင်္ခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာလူငယ်များ အစည်းအရုံးရဲ့ ညွှန်ကြားရေးမှူး ဦးခင်မောင်ကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံကအ ခုလိုပြောတဲ့အတွက် သူတို့အတွက် အားထားစရာဖြစ်တယ်လို့ ပြောပါတယ်။

“အခုလက်ရှိ အမေရိကန်သမ္မတကို လေးစားပါတယ်။ သူ သမ္မတ တက်လာတုန်းက သူပေးထားတဲ့ ကတိတစ်ခုရှိတယ်။ သူပြောခဲ့တာက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး review လုပ်ပါမယ်။ ပြီးရင် ဂျီနိုဆိုက် မြောက် မမြောက် ဆုံးဖြတ်မယ်လို့ ပြောခဲ့တာရှိတယ်။ သူ ကတိပေးခဲ့တဲ့အတိုင်း သူက အကောင်အထည်ပေါ်အောင် လုပ်ခဲ့တယ် ဒါ သူ့ကို ကြိုဆိုတာပေါ့။ သူက အခုလို ဂျီနိုဆိုက်လို့ ကြေညာတာနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံက အခုလိုပြောလိုက်တာ ကျွန်တော်တို့အတွက် အားထားစရာပေါ့။ အမေရိကန်နိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံက ကျွန်တော်တို့ ကိစ္စကို ဂျီနိုဆိုက်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့စောင့်မျှော်နေရတဲ့ Justice အတွက် အင်မတန်ပဲ အားသစ်တစ်ခု ဖြစ်မှာပါ။ မြန်မာစစ်ကောင်စီကို ဖယ်ရှားပစ်ပြီး ဘင်္ဂလားဒေ့ရှ်မှ ာရောက်နေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုချင်ပါတယ်။ ဒါ ရိုဟင်ဂျာတွေ အတွက် အောင်ပွဲမဟုတ်ဘူး၊ မြန်မာပြည်တစ်ပြည်လုံးအတွက် အောင်ပွဲပါ။ ဒီကိစ္စဟာ စစ်ကောင်စီအတွက် နိုင်ငံတကာမျက်နှာစာမှာ ထိုးနှက်ချက်တစ်ခုလို့ ပြောလို့ရတယ်။”

Rohingya_File_012.JPEG
၂၀၁၇ ခုနှစ် အောက်တိုဘာလက ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရင်း သေဆုံးသွားတဲ့ ကလေးရဲ့ အလောင်းကို ပွေ့ချီထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦး။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အမေရိကန်အစိုးရရဲ့ကြေညာချက်ကို အခုလို မှတ်ချက်ပေးပါတယ်။

“ဒီနေ့ကစပြီးတော့ အမေရိကန်ရဲ့ပေါ်လစီတွေဟာ ဒီထက်မက ပြင်းထန်ပြီးတော့ အရေးယူမှုတွေ ရှိလာနိုင်တယ်ဆိုတော့ ကျနော်တို့ ရိုဟင်ဂျာအပါအဝင် လူနည်းစုအားလုံးအတွက် မြန်မာနိုင်ငံအရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့သူတွေအတွက် အင်မတန်မှ အားရှိတယ်လို့ ကျနော်ပြောချင်ပါတယ်”

လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ဝေဝေနုကလည်း နိုင်ငံတကာမှာ အရေးယူဖို့ ကြိုးစားနေတာတွေ ပိုအားကောင်းသွားနိုင်တယ်လို့ ရှုမြင်ပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားတွေ တောင်းဆိုနေတဲ့ စစ်အုပ်စုကိုအရေးယူဖို့၊ သူတို့ရဲ့လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ပြည်သူတွေအပေါ်မှာကျူးလွန်နေတဲ့ဟာတွေ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ဟာတွေကို အရေးယူဖို့ တောင်းဆိုတဲ့နေရာမှာ၊ ဒီဆုံးဖြတ်ချက်ကြောင့် ပိုပြီးအားကောင်း သွားနိုင်တယ်လို့ ပြောလို့ရပါတယ်ရှင့်”

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဖိနှိပ်ခံနေတဲ့ ဝှီးဂါလူမျိုးတွေအရေး၊ ရဝမ်ဒါ၊ ဘော့စနီးယား၊ အီရတ်နဲ့ ဒါဖောက ဖြစ်ရပ်အပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ရပ် ခုနစ်ခုကို လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်အစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်က ရိုဟင်ဂျာကိစ္စဟာ Genocide မြောက်တဲ့ကျူးလွန်မှုအဖြစ် ကြေညာခံရတဲ့ အဋ္ဌမမြောက်ဖြစ်ရပ်လို့ မစ္စတာဘလင်ကန်က ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။