ချင်းမိုင်က ကောင်စစ်ဝန်ရုံးအသစ် မြန်မာနဲ့ ဆက်စပ်မှုမရှိဟု အမေရိကန် တုံ့ပြန်
2022.04.26

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အသစ်ဆောက်လုပ်နေတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးနဲ့ ပတ်သက်ပြီး ထိုင်းပြည်တွင်း အဖွဲ့တစ်ခုက ဒီရုံးဟာ မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ဖို့ ဆောင်ရွက်နေတာဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်ပြည်ထောင်စုက ငြင်းဆိုလိုက်တယ်လို့ ဧပြီလ ၂၆ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ပြည်သူများဆိုတဲ့အဖွဲ့ရဲ့ စွပ်စွဲချက်ဟာ အမှန်မဟုတ်ပါဘူးလို့ ဘန်ကောက်မြို့ အမေရိကန်သံရုံး ပြောရေးဆိုခွင့်ရှိသူ Nicole Fox က ပြောပါတယ်။ ချင်းမိုင်မြို့မှာ ဆောက် လုပ်နေတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးဟာ အမေရိကန်နိုင်ငံက တခြားနိုင်ငံတွေမှာ ဆောင် ရွက်နေသလို သံတမန်ဆိုင်ရာလုပ်ငန်းတွေကို တိုးချဲ့ဖို့ဖြစ်တယ်လို့ Nicole Fox က ပြောပါတယ်။
ထိုင်းနိုင်ငံ ပြည်သူများဆိုတဲ့အဖွဲ့ကို ကိုယ်စားပြုပြီး Nitithorn Lumlua ဆိုသူက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဆီကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးက ခုလို တုံ့ပြန်ခဲ့တာပါ။ စာမှာ ဆောက်လုပ်နေတဲ့ ကောင်စစ်ဝန်ရုံးဟာ ကမ္ဘာလှည့် ခရီးသည်တွေ အလည်အပတ်များတဲ့ ချင်းမိုင်မြို့ကို စစ်ရေးဆောင်ရွက်တဲ့ဇုန်ဖြစ်အောင် ဖန်တီးနေတာလို့ စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းရေး ပြဿနာကို ကြားနေ ဆောင်ရွက်နေတဲ့ ထိုင်းနယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံတွင်းကို လက်နက်တင်ပို့တာကို အမေရိကန်က ပိတ်ပင်ဖို့ လိုအပ်တယ်လို့လည်း ထိုင်းအဖွဲ့ရဲ့ စာထဲမှာ ရေးထားပါတယ်။
ဆောက်လုပ်နေတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးအသစ်ဟာ ၂၀၂၃ မှာ အပြီးသတ်မှာဖြစ်ပြီး အဆောက်အအုံအတွင်း နောက်ဆုံးပေါ် ကိရိယာများ တပ်ဆင်မှုရှိသလို ဒီအဆောက်အအုံကနေ မောင်းသူမဲ့လေယာဉ်တွေကို ပဲ့ကိုင်ထိန်းချုပ်တဲ့စခန်းအဖြစ် အသုံးပြုနိုင်တယ်လို့ ထိုင်းတချို့က ယူဆနေကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။