အမျိုးသမီးရေးရာ အမေရိကန် သံအမတ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေမှာ တွေ့ဆုံပြီး အမျိုးသမီးရေး ကိစ္စတွေ အပါဝင် မြန်မာနိုင်ငံက တိုင်းရင်းသား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြောင်း သိရပါတယ်။

2012.05.06
assk-melanne-verveer-b305 ၂၀၁၂ ခုနှစ် မေလ ၆ ရက်က အမေရိကန်အစိုးရ ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Verveer နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
AFP

ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမတ်ကြီး Melanne Verveer တို့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ကချင်ပြည်နယ်က အမျိုးသမီး စစ်ပြေးဒုက္ခသည်တွေနဲ့ ပတ်သက်တဲ့အကြောင်းတွေကို အလေးထားပြောဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်က RFA ကို အခုလိုပြောပါတယ်။

"သံအမတ်ကြီး Melanne Verveer ဆိုတာ၊ Ambassador-at-Large for Global Women's Issues ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုလာတွေ့တာပါ။ သူနဲ့ အဖွဲ့ဝင် ၉ ယောက်လောက် ပါပါတယ်။ သူတို့အချင်းချင်း ဆွေးနွေးတာပါ။ ဒါအမျိုးသမီး ရေးရာကိစ္စတွေပါ။ ကျန်တဲ့ဟာကတော့ သတင်းထောက်တွေ မေးပါတယ်။ ဒီအမျိုးသမီးရေးရာ ကိစ္စတွေကိုပဲ သူပြောပါတယ်။ ကချင်ပြည်နယ်မှာ။ အဲဒီကိစ္စ အမျိုးသမီး တစ်ယောက်က မေးပါတယ်။ အဲဒီမှာ အမျိုးသမီးနဲ့ ခလေးတွေ အများဆုံးပဲ။ အဲဒီကိစ္စကို ဘယ်လိုသဘောထားပါသလဲ။ အဲဒီလိုမျိုးမေးတယ်။ သူဖြေပါတယ်"

အမေရိကန်အစိုးရ သံအမတ်ကြီး Melanne Verveer ဟာ မြန်မာ့အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လေ့လာဖို့ မြန်မာနိုင်ငံကို ရောက်လာတာလို့ သိရပါတယ်။

နောက်နေ့တွေမှာတော့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အမျိုးသမီးထု ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေကို ဆွေးနွေးမှာဖြစ်သလို အမျိုးသမီး အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သံအမတ်ကြီး Melanne Verveer ရဲ့ ခရီးစဉ်ဟာ မေလ ၆ ရက်နေ့ ကနေ ၁၁ ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပြီး ထိုင်းနိုင်ငံ အခြေစိုက်တဲ့ ရှမ်းတိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။