ရိုဟင်ဂျာ လို့ခေါ်တာနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး ရှင်းလင်း
2016.04.28

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က အမေရိကန် အစိုးရအနေနဲ့ ရိုဟင်ဂျာ လို့ ခေါ်ဝေါ် သုံးစွဲတာဟာ နိုင်ငံရေးအရမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုက သူတို့ကို ဘယ်လိုအမည်နဲ့ ခေါ်ပါလို့ တောင်းဆို တဲ့အတိုင်း အသိအမှတ်ပြုခေါ်ဆိုတာ ဖြစ်ကြောင်း ပြောပါတယ်။
ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တွေ့ဆုံစဉ်မှာ ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦး က မေးမြန်းရာမှာ သံအမတ်ကြီး Scot Marciel က အမေရိကန်အစိုးရရဲ့ သဘောထားကို ပြောခဲ့တာဖြစ်ပါတယ်။
"အမေရိကန် အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုပ်ရိုးလုပ်စဉ်က ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင်တဲ့ အမည်အတိုင်း အသိအမှတ်ပြု ခေါ်ဆိုတာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းဟာ သူတို့ကို ဘယ်လိုခေါ်စေချင်တယ်ဆိုပြီး ပြောပိုင်ခွင့် ရှိရမှာ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ သူတို့ခေါ်စေချင် တဲ့အတိုင်းသာ အမည်ကို ခေါ်ကြရတာပါ။ အဲ့ဒီလို ခေါ်ဆိုတာဟာ နိုင်ငံရေးအရ ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သာမန်လုပ်ရိုး လုပ်စဉ် အလေ့အထသာဖြစ်ပါတယ်" လို့ Mr. Marciel က ပြောပါတယ်။
ရိုဟင်ဂျာအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုတာကို မိမိတို့အနေနဲ့ သိရှိနားလည်ကြောင်း လည်း ပြောပါတယ်။
မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံက Mr. Scot Marciel ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပြီး ဒီကနေ့ သတင်းမီဒီယာတွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒါ့အပြင် သံတမန်တွေကြားမှာ မြန်မာနိုင်ငံကို ခေါ်ဆိုသုံးစွဲတာနဲ့ ပတ်သက်ပြီး အင်္ဂလိပ်လို Myanmar လား ၊ Burma လားဆိုရာမှာ ၂ မျိုးသုံးစွဲနေကြတာရှိပြီး အမေရိကန်အစိုးရ အနေနဲ့ လက်ရှိအချိန်ထိ Burma လို့ ခေါ်ဝေါ်သုံးနေကြောင်းနဲ့ မကြာခင် သီတင်းပတ်တွေအတွင်းမှာ Burma နဲ့ Myanmar ဘယ်လိုခေါ်မယ် ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။