ဆရာတော် ဦးဥတ္တမ ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနား စစ်တွေမှာ ကျင်းပ


2015.09.09
uottama-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ စက်တင်ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမရဲ့ ၇၆ နှစ်မြောက် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်စဉ်
Photo: Min Thein Aung/RFA

မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဆရာတော် အရှင်ဦးဥတ္တမရဲ့ ၇၆ နှစ်မြောက် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ဒီနေ့ ကျင်းပကြပါတယ်။

ဆရာတော် အရှင်ဦးဥတ္တမက အသက်ကိုပဓာနမထားဘဲ ကိုယ်ကျိုးစွန့်အနစ်အနာခံရဲတဲ့ စိတ်ဓာတ်မျိုး ကို နိုင်ငံခေါင်းဆောင်ကြီးတွေမှာလည်း အဲဒီလိုစိတ်ဓါတ်မျိုး ရှိစေချင်တယ်လို့ အခမ်းအနားကို တက်ရောက်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

"ဆရာတော် ဦးဥတ္တမက အာရှမှာ သူလိုက်ပြီးတော့ တော်လှန်ရေးတရားတွေ ဟောခဲ့တယ်၊ သူတရားဟောရင် အဖမ်းခံရတယ်၊ လွတ်လာရင် ပြန်ဟောတယ်၊ သူ့အသက်ကိုတောင် ပဓာနမထားတဲ့ လူတစ်ယောက်ပေါ့၊ ခုအချိန်မှာ နိုင်ငံခေါင်းဆောင်ဖြစ်ဖို့ဆိုတာ တော်တော်ရှားတယ်၊ သူ့လိုမျိုးချစ်စိတ်ဓါတ်ရှိတဲ့ ခေါင်းဆောင် ကြီးတွေ ပေါ်လာရင် ကျနော်တို့က အရမ်းဝမ်းသာမိမှာ"

နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရပ်ကွက်အလိုက်က ဒေသခံတွေစုပေါင်းပြီး ဆရာတော် ရဲ့ ကြေးရုပ်တုရှေ့မှာ လွမ်းသူ့ပန်းခွေတွေနဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ်။ အဲဒီလိုပူဇော်ကြသူတွေက ဆရာတော့် အကြောင်းကို အစိုးရဖတ်စာအုပ်တွေထဲမှာ ထည့်သွင်းပြဌာန်းပေးဖို့နဲ့ ဒီနေ့ စက်တင်ဘာ ၉ ရက်နေ့ကို ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။

ဆရာတော်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး  မြန်မာနိုင်ငံမှာ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓါတ်တွေ စတင်မွေးဖွားပေးခဲ့တာကြောင့် ထင်ရှားတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောပြောမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။

ဒီနေ့ကျရောက်တဲ့ ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၆ နှစ်မြောက်နေ့မှာ ကျောက်ဖြူမြို့မှာရှိတဲ့ နဒီသောင်ယံ ပန်းခြံကိုလည်း ဦးဥတ္တမပန်းခြံအဖြစ် နာမည်ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။