ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပ
2013.09.09

ဒီနေ့ကျရောက်တဲ့ ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၄ နှစ်မြောက်အဖြစ် အောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် ၁၇ ခုလုံးမှာ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။
ဆရာတော် ဦးဥတ္တမနေ့ကို အခုလို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြတာနဲ့ပတ်သက်လို့ ဆရာတော် ဦးဥတ္တမ သီတင်းသုံးခဲ့တဲ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်ရဲ့ လက်ရှိနာယကဆရာတော် အရှင်အရိယဝံသက အခုလို မိန့်ကြားပါတယ်။
“နိုင်ငံတစ်နိုင်ငံ၏ ကျေးဇူးရှင်ဖြစ်တဲ့ ဆရာတော်ဘုရားကို အခုလို ရဟန်းရှင်လူပြည်သူအားလုံးက စည်းစည်းလုံးလုံးနဲ့ ပူဇော်ခွင့်ရခဲ့တာကို ဆရာတော်ဘုရားကြီး၏ မျိုးဆက်တပည့်တစ်ပါးအနေနဲ့ ရဟန်းရှင်လူပြည်သူတွေကို အထူးပဲကျေးဇူးတင်ပါတယ်၊ ”
ဒါ့အပြင် ရခိုင်ပြည်နယ် အနှံ့အပြားမှာ သံဃာတော်တွေကို ဆွမ်းကပ်လှူတာတွေ၊ ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်နေရာတွေမှာ လွမ်းသူ့ပန်းခွေချတာတွေအပြင် စစ်တွေမြို့မှာ ပန်းချီဆရာ ၁၁ ဦးပေါင်းပြီး ဆရာတော်ရဲ့ ပန်းချီကားချပ် ၇၀ ပါဝင်တဲ့ ပန်းချီပြပွဲလည်းလုပ်ခဲ့ပါတယ်။
ကိုလိုနီနယ်ချဲ့တွေကို တော်လှန်ခဲ့သူ ဆရာတော် အရှင်ဦးဥတ္တမအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့်တွေကို စစ်အစိုးရလက်ထက်တစ်လျှောက်လုံး ပိတ်ပင်ထားခဲ့ပြီး မနှစ်ကမှ ပြန်လည်ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ ဆရာတော် ဦးဥတ္တမရဲ့ ၇၄ နှစ် မြောက် ဂုဏ်ပြုအခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ပန်းခြင်းကပ်လှူခဲ့ပါတယ်။
တိုင်းရင်းသားလူမျိုး ၈ မျိုးတို့က ဆရာတော် ဦးဥတ္တမကို ပန်းခြင်းကပ်လှူဒါန်းတဲ့အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားများကိုယ်စား ကိုယ်တိုင်တက်ရောက်ကပ်လှူခဲ့တာဖြစ်ပါတယ်။
ဒီနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က RFA ကို အခုလိုပြောပါတယ်။
“အခုကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီကို သွားနေပြီဆိုတော့ ဒီအခမ်းအနားကိုကျင်းပဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်၊ ရန်ကုန်မြို့တော်ဝင်ရယ် MCC ခန်းမကို အလကားအသုံးပြုခွင့်ပေးတယ်၊ နောက်ဖော်ထုတ်ဖို့အတွက် နိုင်ငံတော်က တာဝန်ယူလုပ်ပေးရမယ်ဆိုပြီးတော့ အခြေခံမူမှာပါတယ်၊ ဒါကိုအကောင်အထည်ဖော်ရာလည်းရောက်တယ်၊ ဒီလိုလုပ်ပေးခြင်းအားဖြင့် ရန်ကုန်မှာရှိတဲ့ ရခိုင်ပြည်သူလူထုက ကျေနပ်ကြတယ်၊ ကျေနပ်ရင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးက တသားတည်းလိုက်လာလိမ့်မယ်၊ တိုင်းရင်းသားစည်လုံးညီညွှတ်မှုပါလာရင် ပြည်ထောင်စုတည်တံ့ခိုင်မြဲမှာပဲ”
အဲဒီ အခမ်းအနားကို နိုင်ငံရေးပါတီအသီးသီက ခေါင်းဆောင်တွေအပါအဝင် ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်လည်း တက်ရောက်ခဲ့ပါတယ်။
ရခိုင်တိုင်းရင်းသားဆရာတော် ဦးဥတ္တမဟာ နယ်ချဲ့ကိုလိုနီတွေကို မကြောက်တရားတွေ ဟောပြောတွန်းလှန်ရင်း ၁၉၃၉ ခုနှစ်က ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။
ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်အနံှ့အပြားမှာ ဒီနေ့ကျင်းပခဲ့တဲ့ ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေအကြောင်း RFA သတင်းထောက် ကိုကျော်သူတင်ပြထားတာ နားဆင်နိုင်ပါတယ်။