ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား စစ်တွေမှာ ကျင်းပ


2018.09.09
uottama-day-622.jpg ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စစ်တွေမြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/RFA

ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွေကို စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အနှံ့မှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဆရာတော် ဦးဥတ္တမ ရည်မှန်းခဲ့တာတွေ မပြည့်ဝသေးဘူးလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားဖို့၊ ဒီမိုကရေစီစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်ဖို့ဟာ ကျနော်တို့အတွက် အင်မတန်အရေးကြီးပါတယ်။ ဒါကိုဆောင်ရွက်နိုင်မှသာလျှင် ကျနော်တို့ ဆရာတော် ရဲ့ကျေးဇူးတရားကို ဆရာတော်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်တွေကို ကျနော်တို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရလာတာနဲ့အမျှ လွတ်လပ်ရေးနဲ့ဆီလျော်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒီကဏ္ဍကြီးတွေကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ဒါလွတ်လပ်ရေးနဲ့ ဆီလျော်မှာဖြစ်ပါတယ်"

စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုခဲ့တာပါ။

ဆရာတော်ဟာ စစ်တွေမြို့ဇာတိဖြစ်ပြီး  မြန်မာနိုင်ငံမှာ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓာတ်တွေ စတင်မွေးဖွားပေးခဲ့တာကြောင့် ထင်ရှားတဲ့ ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။

စစ်တွေမြို့မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရပ်ကွက်အလိုက်၊ အစုအဖွဲ့အလိုက် စုပေါင်းပြီး ဆရာတော်ရဲ့ ကြေးရုပ်တုရှိရာ ဦးဥတ္တမပန်းခြံကို ချီတက်ပြီး လွမ်းသူ့ပန်းခွေတွေနဲ့ ပူဇော်ကန်တော့ခဲ့ကြပါတယ်။

ဆရာတော် ဦးဥတ္တမဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။