ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူတဲ့နေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေး ဖို့ တောင်းဆို
2016.09.09

မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပတဲ့ ဆရာတော်ရဲ့ ၇၇ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲမှာ စစ်တွေမြို့ခံတွေ တောင်းဆိုကြတာဖြစ်တယ်လို့ မြို့ခံတစ်ဦးဖြစ်သူ ဦးသန်းလွင်က ပြောပါတယ်။
"ဆရာတော်ကို လေးစားရတဲ့အချက်တွေကတော့ အများကြီးရှိပါတယ်၊ ပြောလို့လည်းမကုန်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ရင်ထဲမှာ စွဲမြဲနေတာကတော့ နောက်ဆုံးမှာ ဘယ်အရာမဆို မှန်ကန်တဲ့တရား သာ အောင်မြင်ခဲ့ရာ ဆိုတဲ့စကားရယ် ပြီးတော့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ အစိုးရမကောင်း ရင် မကောင်းသလို ဝေဖန်ခွင့်ရှိသော်လည်း ငါတို့နိုင်ငံမှာ အစိုးရမကောင်းရင် ခေါင်းငုံ့ခံရမလား မခံဘူး မခံနဲ့ဟေ့ဆိုတဲ့ စကားလုံးတွေက ဒီမြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို ပိုပြီးတော့ တက်တက်ကြွကြွဖြစ်စေချင်ပါတယ်၊ နိုင်ငံရေးအသိတွေ အမျိုးသားရေးအသိတွေ နိုင်ငံ ချစ်စိတ် လူမျိုးချစ်စိတ် ဘာသာချစ်စိတ်တွေကို တိုးပွားစေတဲ့ စကားလုံးတွေဖြစ်လို့ ဆရာတော်ကို ပိုပြီးသဘောကျပါတယ်"
စစ်တွေမြို့မှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ရပ်ကွက်အလိုက်စုပေါင်းပြီး ဆရာတော် ရဲ့ ကြေးရုပ်တုရှိရာ ဦးဥတ္တမပန်းခြံကို ချီတက်ပြီး လွမ်းသူ့ပန်းခွေတွေနဲ့ ပူဇော်ကန်တော့ခဲ့ကြတာလည်းဖြစ် ပါတယ်။
ဆရာတော်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံမှာ အင်္ဂလိပ်နယ်ချဲ့ကိုတော်လှန်ဖို့ မျိုးချစ်စိတ်ဓါတ်တွေ စတင်မွေးဖွားပေးခဲ့တာကြောင့် ထင်ရှားတဲ့ ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။
ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ပါတယ်။
ဘူးသီးတောင်မြို့မှာတော့ ဆရာတော်ဦးဥတ္တမ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို အရင်နှစ်တွေက လွတ်လပ်စွာကျင်းပခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ မြို့နယ်ရဲတပ်ဖွဲ့ထံ ကြိုတင် အကြောင်းကြားပြီးမှ ကျင်းပ ခွင့်ပြုခဲ့ပါတယ်။