ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့အပါအဝင် မြန်မာ့အရေးဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု
2022.12.21

မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က ကြားနေခဲ့ကြပြီး ကျန်တဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအားလုံးက ထောက်ခံခဲ့တာဖြစ်ပါတယ်။
ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာလို့ ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ မြန်မာနိုင်ငံအရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂကနေ ထောက်ခံဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ပန်ကြားချက်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူနိုင်မယ့် မြန်မာပြည်သူတွေကိုယ်စား အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှဆိုင်ရာဒါရိုက်တာ Elaine Pearson က ကြေညာချက်ထုတ်ပြီး ပြောလိုက်ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုမှုလည်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒါဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ အာဆီယံနဲ့ရထားတဲ့ သဘောတူညီချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတွေရဲ့မဲဆန္ဒကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှု စံနှုန်းတွေကို လိုက်နာဖို့၊ လူသားချင်းစာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့နဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။