ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ နေပြည်တော်ရောက်ရှိ
2018.04.30

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီနေ့ နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တေ့ွဆုံပြီး မနက်ဖြန်မှာ ရခိုင်ပြည်နယ် မောင်တောဒေသ ကို သွားရောက်လေ့လာကြမှာ ဖြစ်ပါတယ်။
မနက်ဖြန် မောင်တောဒေသကို နေ့ချင်းပြန်ခရီးသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင် က ပြောပါတယ်။
"ပြန်လည်လက်ခံရေးစခန်းတွေနဲ့ နောက်တိုင်းရင်းသားတွေ၊ လက်ခံမယ့်လူတွေထားရှိမယ့်နေရာတွေ သွားမယ် လို့တော့ အကြမ်းဖျင်းသိထားတယ်ဗျ၊ ဒီကနေပြီး ရဟတ်ယာဉ်နဲ့သွားမှာ သွားပြီး ဟိုဘက်တောင်ပြိုလက်ဝဲတို့ ငခူရတို့ဘက်အခြမ်းတွေကိုပြပြီးတာနဲ့ မောင်တောမှာ နေ့လယ်စာ စားပြီး မောင်တောခရီးစဉ်ဆက်သွားမှာပေါ့၊ ပြီးတာနဲ့ ရဟတ်ယာဉ်နဲ့ စစ်တွေကိုပြန်လာမယ်၊ ပြီးတော့ နေပြည်တော်ပြန်မယ်ပေါ့"
ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မနက်မှာ နေပြည်တော်ကနေ စစ်တွေလေဆိပ်ကို ရောက်ရှိမှာဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ လေဆိပ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။
အဲဒီနောက် မောင်တောမြို့နယ်မှာရှိတဲ့ သစ်ဆုံးနားခွဆုံ၊ အိုးထိန်း၊ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင်၊ ရွှေဇား၊ ပန်းတောပြင်ကျေးရွာတွေကို သွားရောက်ကြမှာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း စစ်တွေမြို့မှာ ရခိုင်အရပ်ဘက် ကိုယ်စားလှယ်တစ်ချို့နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းထွက်နေ ပေမယ့် အဲဒီကိစ္စ အသေးစိတ်ကို မသိရသေးဘူးလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင် က ပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာ နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပထမဆုံး တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် လေယာဉ် ချိန် နောက်ကျခဲ့တာကြောင့် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အချိန်နောက်ဆုတ်ခဲ့ရပါတယ်။ တွေ့ဆုံမယ့် လွှတ်တော် ကိုယ်စားလှယ် စာရင်းမှာပါဝင်တဲ့ ဒေါ်ပြုံးကေသီနိုင်က အချိန်အကန့်အသတ်အရ ဒီနေ့ သံတမန်တွေနဲ့ မတွေ့ဆုံ ဖြစ်ခဲ့ရင် ကိုယ်စားလှယ်တွေဘက်က တင်ပြလိုတဲ့ အချက် ၉ ချက်ကို စာနဲ့အသိပေး သွားမယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည် စခန်းတွေကို ပြီးခဲ့တဲ့ရက်က သွားရောက်ခဲ့ပါတယ်။