ဝန်ကြီးများ စစ်ဆေးချိန်မို့ ကုမ္ပဏီ များ အလုပ်ရပ်နား
2016.04.30

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် တချို့ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကွင်းဆင်းစစ်ဆေးနေတဲ့အတွက် ကျောက်မျက်ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုတွေကို ယာယီရပ်နားထားတယ် လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကုမ္ပဏီတွေဟာ မနေ့ကအထိ ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေပေမယ့် ဒီကနေ့မှာ ရပ်နားထားတာ တွေ့ရတယ် လို့ ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။
"ဝန်ကြီးအဖွဲ့တွေ လာရောက်မယ်လို့ ကြားလိုက်တဲ့အချိန်မှာ ဝန်ကြီးအဖွဲ့တွေ ဖြတ်သန်းသွားမယ့် လမ်းကြောမှာရှိနေတဲ့ ကျောက်မျက်လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီတွေကျတော့ နဂိုမူလ သူတို့လုပ်နေတဲ့ ပုံစံမဟုတ်ဘဲနဲ့ ရပ်နားထားတဲ့ အနေအထားပေါ့နော်၊ အဲ့လိုမျိုး ကျနော်တို့တွေတွေ့ရတယ်၊ လွန်ခဲ့တဲ့နှစ် ရက်ထဲက အဲ့လမ်းပေါ်မှာသူတို့တွေက မြေစာသယ်ယာဉ်တွေ ဖြတ်သန်းသွားလာနေတာပေါ့နော်၊ ဒီနေ့ကတော့ ရှင်းလင်းနေတဲ့ အနေအထားဆိုတော့ အများကြီး ကွာဟနေတာတွေ့ရပါတယ်"
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့က သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတွေအပါအဝင် ဋ္ဌာနဆိုင်ရာအရာရှိတွေက ဒီကနေ့ မနက်ပိုင်းမှာ လုံးခင်းကျောက်စိမ်းတူးဖော်ရေးရုံးမှာ ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ကျောက် စိမ်းလုပ်ကွက်တချို့ကို သွားရောက် စစ်ဆေးနေတာဖြစ်ပါတယ်။
ဝန်ကြီးနဲ့အဖွဲ့ကို ဆက်သွယ်လို့မရတဲ့အတွက် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
ဖားကန့်က ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တရားတွေနဲ့ တူးဖော်လုပ်ကိုင်နေတဲ့အတွက် မြေပြိုမှုတွေ မကြာ ခဏဖြစ်ပွားပြီး လူသေဆုံးမှုတွေ၊ ရေကြီးမှုကြောင့် မြို့ရွာလူနေအိမ် ပျက်စီးမှုတွေ စသဖြင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အခုအစိုးရသစ်လက်ထက်မှာ သယံဇာတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နဲ့အဖွဲ့ဟာ ဖားကန့်ဒေသကို ပထဆုံးအကြိမ် လာရောက်လေ့လာ တာဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်း ထားပါတယ်။