ကရင်နီစစ်ဘေးဒုက္ခသည် ကိုးထောင်ကျော်ကို UNHCR ထောက်ပံ့

2022.05.25
ကရင်နီစစ်ဘေးဒုက္ခသည် ကိုးထောင်ကျော်ကို UNHCR ထောက်ပံ့ ရှမ်းပြည်တောင်ပိုင်းကို ရောက်နေသည့် ကယားပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကို UNHCR က ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့မှာ စားနပ်ရိက္ခာနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့စဥ်
Photo: UNHCR

ရှမ်းပြည်တောင်ပိုင်းကို ရောက်နေတဲ့ ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် ၉၀၀၀ ကျော်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ စားနပ် ရိက္ခာနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ UNHCR က မေလ ၂၄ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေဆီ ရောက်လာတဲ့ ကယားပြည်နယ် ထဲက စစ်ဘေး ဒုက္ခသည် တွေကို UNHCR က ထောက်ပံ့ပေးနေတာလို့ အင်းလေး စစ်ဘေးဒုက္ခသည်စခန်းတစ်ခုက ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ပေးတာကတော့ အရင်ပတ်က စပေးတယ်၊ ပထမဆုံးအကြိမ်ရတာပေါ့။ သူများတွေက နှစ်ကြိမ်ရကြပြီ ပြောတယ်၊ ကျနော်တို့ကတော့ တစ်ခေါက်ပဲ ရဖူးသေးတယ်။ သူတို့က UN ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကလို့ ပြောတယ်။ ဆန်က နည်းနည်း လှပေမယ့် မာတယ်။ ချက်ပြီးရင် တော်တော်မာနေတာပေါ့”

ရှမ်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကယားပြည်နယ်ကနေ လူဦးရေ ၉၂၀၀ ကျော် (အိမ် ထောင်စုပေါင်း ၂၆၂၀) ကို UNHCR က စားနပ်ရိက္ခာတွေအပြင် ဆိုလာမီးအိမ်၊ စောင်၊ ခြင်ထောင်၊ ရေပုံး၊ ရေခွက်၊ တစ်ကိုယ်ရည်ကျန်းမာရေးသုံးပစ္စည်း၊ တာပေါ်လင်စ၊ ဖျာ စတဲ့ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်ဝေပေးနေတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၃၀၀ ဝန်းကျင်ရှိတဲ့ အင်းလေးဒေသက ဒုက္ခသည်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့တစ်ပတ် ကတော့ စစ် ဘေးဒုက္ခသည် တစ်ဦးကို ဆန် တစ်ပြည်ခွဲ၊ ဆီတစ်ဘူး၊ ပဲနဲ့ ဆား တစ်ထုပ်စီ ရကြတယ်လို့ ဒုက္ခသည်တွေ က ဆိုပါတယ်။

ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်ဦးရေ စုစုပေါင်း ၁၇၀,၀၀၀ ကျော် ရှိတဲ့အထဲက ၄၅,၀၀၀ ကျော်တို့ဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေး၊ ရန်ကုန်တိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေ ကြတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)က ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း ကမ္ဘာ့ကုလသမဂ္ဂ (UN) ကနေ လွိုင်ကော်မြို့နယ် ဒေါဥခူရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်မှာရှိတဲ့ ဒေသခံတွေကို မိုးကာ၊ စောင်၊ ရေပုံး စတဲ့ပစ္စည်း ၁၁ မျိုးကို ထောက်ပံ့ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှန်တကယ် လိုအပ်နေတဲ့ ကယား (ကရင်နီ) ပြည်နယ်အတွင်းက တောထဲတောင်ထဲ မှာရှိတဲ့ စစ်ဘေး ဒုက္ခသည်တွေဆီကိုတော့ ကမ္ဘာ့ကုလသမဂ္ဂ (UN) ကနေပြီး လူသားချင်း စာနာထောက်ထားမှု ဘာအကူအညီမှ မရကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။