မင်းတပ် စစ်ဘေးဒုက္ခသည်တွေကို UNHCR အကန့်အသတ်နဲ့ ကူညီနေရ
2021.07.22
ချင်းပြည်နယ် မင်းတပ်မြို့ကို ထောက်ပံ့ရေးပစ္စည်းတွေနဲ့အတူ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ဝန်ထမ်းတွေဟာ ဒီကနေ့မှာလည်း မိသားစု ၁၆ ခုကိုသာ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးခွင့်ရတာကြောင့် စုစုပေါင်း ၃ ရက်အတွင်းမှာ ဒုက္ခသည်မိသားစု ၆၆ စုကိုပဲ ဖြန့်ဝေခွင့် ရသေးတယ်လို့ မင်းတပ်အခြေစိုက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မင်းတပ်မြို့ပေါ်မှာတင် အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်အိမ်ထောင်စု ၅၀၀ လောက်ရှိတာမို့ လက်တွေ့ အကူအညီရရှိသူ နည်းလွန်းတယ်လို့ မင်းတပ်မြို့မှာ ဒုက္ခသည်မိသားစုအချို့ကို ခိုလှုံခွင့်ပေးထားတဲ့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ခရစ်ယန်ဘာသာရေးခေါင်းဆောင်တစ်ယောက်က RFA ကို ပြောပါတယ်။
“ထပ်ပေးတာက တောင်ပုလုကျောင်းနဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းကို ထပ်ပေးတယ်။ အားလုံးပေါင်း မိသားစု ၆၆ ခုကို ပေးထားတယ်။ မြို့ပေါ်မှာ မပေးသေးတဲ့ မိသားစုက ၄၀၀ ပတ်ဝန်းကျင်ကတော့ ကျန် မယ်ထင်တယ်။ အိမ်ထောင်မိသားစုက အားလုံးပေါင်း ၅၀၀ ပတ်ဝန်းကျင်ရှိတယ်။ ၆၆ အိမ်ထောင်ပဲပေးတဲ့ အခါမှာ ၄၄၄ ကတော့ ကျန်နေသေးတဲ့သဘောပေါ့”
UNHCR ရဲ့ ထောက်ပံ့ရေးအစီအစဉ်ကို ဇူလိုင်လ ၂၀ ရက်ကစပြီး ရက်သတ္တပတ်ကြာ လုပ်ဆောင်သွားမှာဖြစ် ပြီး၊ အိမ်ထောင်စုပေါင်း တစ်ထောင် (လူဦးရေ ငါးထောင်) အထိ ထောက်ပံ့သွားဖို့ UNHCR က ရည်ရွယ်ထား တာပါ။
"သူတို့ကိုယ်တိုင် ကျွန်တော်တို့ရှိတဲ့နေရာတွေ စခန်းတွေမှာ လာနိုင်ရင်တော့ ပိုကောင်းတာပေါ့"
လက်တွေ့မှာတော့ မင်းတပ်အခြေစိုက် စစ်တပ်နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းရဲ့ လုံခြုံရေးအကြောင်းပြပြီး ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် လွတ်လပ်စွာ ဖြန့်ဝေလှုဒါန်းခွင့်မရဘဲ နေ့စဉ် မိသားစုအနည်းငယ်စီကိုပဲ ဖြန့်ဝေလှုဒါန်းနေရတာလို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်လောက်ရှိပြီး မြို့ပေါ် ဘာသာရေးကျောင်း တွေနဲ့ ရပ်ကွက်တွေထဲမှာ တစ်သောင်းကျော်လောက် ခိုလှုံနေကြပါတယ်။ ကျန်နှစ်သောင်းနီးပါးကတော့ ဘေးလွတ်ရာ တောတောင်တွေပေါ်မှာ တိမ်းရှောင်နေရတယ်လို့ ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အခုလို မိုးရာသီမှာ လုံခြုံဘေးကင်းစွာနေထိုင်ဖို့ကလည်း အရေးကြီးတာကြောင့် UNHCR ကပေးတဲ့ ထောက်ပံ့ ရေးပစ္စည်းတွေကို လိုချင်တယ်လို့ ကျေးလက်တောရွာမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါ တယ်။
“ကျွန်တော်တို့မျှော်လင့်ထားတာတော့ သူတို့ကိုယ်တိုင် ကျွန်တော်တို့ရှိတဲ့နေရာတွေ စခန်းတွေမှာ လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ နိုင်ငံတကာကနေ ကူညီတဲ့ဟာ ဆိုတော့။ ဒါပေမဲ့ စစ်ကောင်စီက ခွင့်မပြုဘူးဆိုတော့ မတတ်နိုင်ဘူး”

မင်းတပ်ကို ရောက်ရှိနေတဲ့ UNHCR ဝန်ထမ်းတွေဟာ မြို့ပေါ်က စစ်ဘေးဒုက္ခသည်တွေအတွက်သာမက နီးစပ်ရွာတောတောင်တွေမှာ ပုန်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ကူညီနိုင်ဖို့အတွက် မင်းတပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ညှိုနှိုင်းနေတာဖြစ်ပါတယ်။
ဒီကိစ္စတိုးတက်ဖြစ်ထွန်းမှု အခြေအနေတွေ သိနိုင်ဖို့အတွက် ရန်ကုန်ရှိ UNHCR ရုံး သတင်းပြန်ကြားရေး အရာရှိ Reuben Wende ကို RFA က အီးမေးလ်ကတဆင့် စာရေးမေးမြန်းထားပေမယ့် အကြောင်းပြန် ကြားချက် မရသေးပါဘူး။
စစ်ဘေးဒုက္ခသည်အချို့ကို လက်ခံကူညီပေးနေတဲ့ မင်းတပ်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်ကတော့ UNHCR က ထောက်ပံ့ပေးတဲ့ပစ္စည်းတွေက လက်တွေ့ အသုံးဝင်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့် အားလုံးတန်းတူ ရရှိစေချင်တယ်လို့ ပြောပါတယ်။
“သူတို့လှူတာကလည်း တကယ့်ဒုက္ခရောက်တဲ့ ပြည်သူတွေမှာတော့ အမှန်တကယ်လိုအပ်တဲ့ပစ္စည်းပါ အသုံးတည့်ပါတယ်။ နောက်ပြီးတော့ နေ့တိုင်း မီးဖိုးချောင်ထဲမှာစားရတဲ့ စားနပ်ရိက္ခာကလည်းလိုတော့ လိုတယ်။ ဒါပေမဲ့ အခု ယူလာတဲ့ပစ္စည်းတွေကိုလည်း တကယ်တော့ အသုံးတည့်တဲ့ပစ္စည်းတွေပါ။ ရေစစ်ပုံးတွေပါတယ်။”
UNHCRရဲ့ ယာဉ်တန်းဟာ ဇူလိုင် ၁၉ ရက် ညနေပိုင်းမှာ မင်းတပ်မြို့ကို ရောက်ရှိလာပြီး ဇူလိုင်၂၀ ရက်ကနေ ၂၂ ရက်အထိ Covid-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ အပါအဝင် မိုးရာသီ အတွက် မဖြစ်မနေလိုအပ်တဲ့ တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်တွေကို ကူညီထောက်ပံ့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အခု စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် သုံးရက်အစား သီတင်းတစ်ပတ်ကြာ ဆက်လက်ကူညီဖို့ UNHCR က ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။