UNFC က တွေ့ဆုံရေးအတွက် အစိုးရကို ကမ်းလှမ်း

UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီက အစည်းဝေးတစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ UNFC တို့ လွတ်လပ်တဲ့ ကြားဒေသ တစ်ခုမှာ တွေ့ဆုံဖို့ တောင်းဆိုလိုက်ပါတယ်။

2012.07.24
unfc-press-conference-1-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ဇွန်လ (၁၆) ကနေ (၁၈) ရက်ထိ နှစ်ရက်ကြာ ကျင်းပတဲ့ UNFC အစည်းအဝေးကနေ အခုလို တောင်းဆိုလိုက်တာပါ။ UNFC အနေနဲ့ တစ်တိုင်းပြည်လုံး အပစ်ရပ်ထားဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရတပ်တွေဘက်က စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေတာဟာ မဖြစ်ဘူးလို့ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အာအက်ဖ်အေ ကို ပြောပါတယ်။

"ဇွန်လ ၁၀ ၇က်နေ့ မတိုင်မီမှာ ကချင်ကိုတိုက်နေတာကို ရပ်တန့်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတဲ့ကိစ္စ၊ အဲဒီအပေါ်မှာ ရပ်တန့်မှုမရှိပဲနဲ့ ပေါ့နော်၊ ရှမ်းကိုပါဆက်ပြီးတော့ တိုက်လာတဲ့သဘောကို ကျွန်တော်တို့ မြင်ရတယ်လေ။ ဒီလို အပစ်အခတ် ရပ်စဲပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတဲ့ အပေါ်မှာ အဓိကအားဖြင့် တပ်ဖွဲ့လှုပ်ရှားမှုအပေါ်မှာ ကျွန်တော်တို့ သံသယရှိတယ်ဗျ။ အဲဒီကိစ္စကို ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ နောက်ပြီးတော့မှ သူတို့ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် ကို ကျွန်တော်တို့ အဲတော့ ဒါဖြစ်နိုင်တဲ့ အလားအလာလည်း မရှိဘူး။ လွတ်လပ်ပွင့်လင်းတဲ့ အနေအထား မရှိဘူးလို့ ကျွန်တော်တို့ မြင်တယ်"

UNFC အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကြတဲ့အခါ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိဖို့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လူမှုရေး ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပညာရှင်တွေပါတဲ့ တိုင်းရင်းသား ညီလာခံတရပ် ခေါ်ယူကျင်းပဖို့နဲ့ အဲဒီနောက် ၂၀၁၅ ခုနှစ် မတိုင်မီမှာ အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေ အပါအဝင် ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်မယ့် အမျိုးသား ညီလာခံတရပ် ကျင်းပပြီး တစ်မျိုးသားလုံးဆိုင်ရာ သဘောတူညီချက် ချမှတ်ဖို့ စတဲ့အချက်တွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။