တိုင်းရင်းသားခေါင်းဆောင်တွေ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုစာပို့
2012.01.08

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေနဲ့ စုဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီ ၁၂ ဖွဲ့က ခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ ၃ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် မစ္စတာဘန်ကီးမွန်းထံ စာပေးပို့လိုက်တယ်လို့ UNA အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
“မနေ့က ညနေပိုင်းက မစ္စတာဘန်ကီမွန်းဆီကို အီးမေးလ်နဲ့ ပို့တယ်၊ အဓိက အချက် ၃ ချက် ပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့၊ ပြည်တွင်းစစ်တွေ အကုန်လုံး ရပ်စဲပြီး လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကိုလည်း စစ်ဆေးရပ်စဲ ဖို့၊ တတိယ အချက်က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ လက်ရှိ ဦးသိန်းစိန်အစိုးရရယ်၊ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးနိုင်မယ့် အချိန်တစ်ခု သတ်မှတ်ပြီး တော့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မဖြစ်မနေ ဖော်ဆောင်သွားဖို့ အဲ့ဒီကိစ္စတွေကို မစ္စတာဘန်ကီမွန်းကနေပြီးတော့ မြန်မာအစိုးရကို ဖိအားပေး တောင်းဆိုပေးဖို့ စာရေးလိုက်တာ ဖြစ်ပါတယ်”
ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာ အမိန့်နဲ့ အကျဉ်းသားတွေ လွှတ်ပေးခဲ့တာဟာ စစ်မှန်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မဟုတ်ဘဲ အကျဉ်းသားတွေကို သာမန် လျှော့ပေါ့ရက် ပေးတာသာ ဖြစ်တဲ့အပြင် လက်ရှိ နိုင်ငံရေးအခြေအနေ သုံးသပ်ချက် အပေါ် မူတည်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ အခုလို အိတ်ဖွင့်စာ ပေးပို့တောင်းဆိုရတာလို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ဒီ အိတ်ဖွင့်ပေးစာကို မနက်ဖြန် တနင်္လာနေ့ ရုံးဖွင့်ချိန်မှာ ရန်ကုန်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂရုံးကို လူကိုယ်တိုင် သွားရောက်ပေးပို့ဖို့ ရှိတယ်လို့ လည်း သိရပါတယ်။