မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အစီရင်ခံပြီး ဆွေးနွေးမည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ တင်ပြမှာ ဖြစ်ပါတယ်။

2010.12.06
nambiar_un_ban_ki-moon_305_z.jpg ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe)
(Photo: UN Photo/Eskinder Debebe)

မြန်မာခရီးစဉ်မှာ အဓိက အချက် ၃ ချက်နဲ့ သွားရောက်တာ ဖြစ်ပြီး ပထမဆုံး အချက်ကတော့ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပါတီ အဖွဲ့အစည်းအားလုံးရဲ့ မျှော်မှန်းချက်နဲ့ စိုးရိမ်ပူပန်မှုတွေကို နားထောင်ဖြစ်တယ်လို့ မစ္စတာနမ်ဘီယားက ဒီဇင်ဘာ ၂ ရက် ပြီးခဲ့တဲ့ ကြာသတေးနေ့က ကုလသမဂ္ဂ အသံလွှင့်ဌာနကနေ တဆင့် ပြောခဲ့ပါတယ်။

ဒုတိယ အဓိကထားတဲ့ အချက်ကတော့ ရွေးကောက်ပွဲမှာ ပါသူတွေရော၊ မပါခဲ့သူနဲ့ ပါဝင်ခွင့် မရသူတွေရော နိုင်ငံအပြောင်းအလဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်ရေး မြန်မာအစိုးရကို တွန်းအားပေးဖို့ ဖြစ်တယ်လို့ မစ္စတာနမ်ဘီယားက ပြောသွားပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေကတော့ ရွေးကောက်ပွဲအပြီး မြန်မာ့ နိုင်ငံရေးအခြေနေကို ပိုစိတ်ဝင်စားကြတယ်လို့ သိရပါတယ်။

မစ္စတာနမ်ဘီယားရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ နမ်ဘီယားဟာ အရင် အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီရဲ့ ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပြီး မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်ကနေ ၂၈ ရက်နေ့အထိ ၂ ရက်ကြာ လာရောက်ခဲ့သူ ဖြစ်ပါတယ်။

မစ္စတာနမ်ဘီယားဟာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။