ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
2010.11.27

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဗီဂျေးနမ်ဘီးယားတို့ဟာ နေ့လည် (၂) နာရီကနေ ၂ နာရီခွဲလောက်အထိ နှစ်ဦးတည်း တွေ့ဆုံပြီး အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တွေနဲ့ပါ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ CRPP နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပါ ပါဝင်ပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးကြပါတယ်။
ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
“ဆွေးနွေးပွဲကတော့ တော်တော့်ကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးကလည်း မကြာမကြာ ပြောနေပါတယ်၊ မြန်မာနိုင်ငံ ပြဿနာဟာ ရွေးကောက်ပွဲ အကြိုတုန်းကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ သူပြောသလို မနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သူ့ရဲ့သဝဏ်လွှာမှာလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် အဖြေပဲ၊ အဲဒီကစပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရမယ်လို့ ပြောထားတာဆိုတော့ အခုခရီးစဉ်ကလည်း အဲဒီအတွက် ဦးတည်တယ်လို့ ပြောချင်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရအောင်ကြိုးစားမယ်ဆိုတဲ့ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးရဲ့ ပိုင်းဖြတ်ထားချက်လည်း ရှိတယ်။ အဲဒီအတွက်လည်း သူက တွန်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခုလို ကျနော်တို့ကို ကူညီဆွေးနွေးဖို့၊ ကျနော်တို့ချင်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ကူညီဖို့ ပုဂ္ဂိုလ်တွေ ရောက်လာတာဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အလားအလာလို့ ပြောချင်ပါတယ်”
ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာမဟုတ်ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးပွဲ တကြိမ်တည်းနဲ့ မလုံလောက်ကြောင်း၊ မိမိတို့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောဆိုတယ်လို့ AP နဲ့ Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေထဲမှာ ဒု- ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ပါဝင်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား ခေါင်းဆောင် ဦးနိုင်ထွန်းသိန်း၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင်ရှင်းထန်နဲ့ ဦးထောင်ခိုထန်း တို့ ပါဝင်ပါတယ်။
တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ပေးတာလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာတိုင်းလာတိုင်းမှာ နအဖ ညီလာခံတက်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီတခါတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ပေးပါအုန်းလို့ မေတ္တာရပ်ခံလို့ NLD တွေ့ပြီးတဲ့အချိန်မှာ ကျနော်တို့ကို နာရီဝက်လောက် တွေ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အစီအစဉ်ဆိုတာ မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်”
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက အခု နောက်ဆုံး ခန့်အပ်ထားတဲ့ သံအရာရှိဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှာ (၂) ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။