အိန္ဒိယက ရိုဟင်ဂျာတွေ မြန်မာပြည် ပြန်ပို့မှု ကုလ စိုးရိမ်
2019.01.07
အိန္ဒိယအစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာပြည် ပြန်လည်ပို့ဆောင်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်ကြောင်း ကုလသမဂ္ဂအရာရှိတဦးက ပြောကြားလိုက်ပါတယ်။ အဲဒီ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ ဆန္ဒ အလျှောက် မြန်မာပြည်ကိုပြန်ကြတာဖြစ်ဖို့လိုကြောင်းနဲ့ အဲဒီလို မှန်ကန်ပါရဲ့လားလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး အနေနဲ့ စုံစမ်းမေးမြန်းခွင့် မရတဲ့အတွက် အင်မတန်စိုးရိမ်ပူပန်မိပါတယ်လို့ အတွင်းရေး မှူးချုပ် အန်တိုနီယို ဂွတ်တားရက်ဇ် ရဲ့ ပြောရေးဆိုခွင့်ရသူ Farhan Haq ဖာရန် ဟပ် က ပြောဆိုလိုက်ကြောင်း ကုလသမဂ္ဂက တနင်္ဂနွေနေ့လာတဲ့သတင်းမှာ ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ရိုဟင်ဂျာမွတ်စလင် မိသားစုဝင် ၅ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့ခဲ့တာနဲ့ စပ်လျဉ်းပြီး အခုလို သူက ပြောဆိုခဲ့တာပါ။ အဲဒီ ရိုဟင်ဂျာမိသားစုဟာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုထားသူတွေဖြစ်ပြီး သူတို့ကို ပြန်မပို့ခင် တွေ့ဆုံမေးမြန်းခွင့် ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် အိန္ဒိယ အာဏာပိုင်တွေက UNHCR ကို တစ်စုံတစ်ရာ အကြောင်းပြန်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အခုလို ရိုဟင်ဂျာတွေ ပြန်ပို့နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကို ကုလ အတွင်းရေးမှူးချုပ်က တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုဖို့ အစီအစဉ်ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာတော့ အခု လတ်တလော အစီအစဉ်မရှိသေးပါဘူးလို့ ဖြေကြားပါတယ်။
မြန်မာပြည်က ထွက်ပြေးပြီး အိန္ဒိယနိုင်ငံရှိ UNHCR ရုံးမှာ ဒုက္ခသည်တွေအဖြစ် မှတ်ပုံတင်ထားသူ တသောင်းရှစ်ထောင်ခန့် ရှိတယ်လို့ သိရပါတယ်။