နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုအပေါ် ကုလကြိုဆို
2013.12.11
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၄၁ ဦး လွတ်မြောက်လာခဲ့တဲ့အပေါ် ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။
ဒါဟာ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မရှိစေရဘူးဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကား တည်မြဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ပြောပါတယ်။
ဒီတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကြောင်းခံနဲ့ အကျဉ်းကျနေရသူပေါင်း ၁၉၀၀ ကျော် ဆိုတဲ့ကိန်းဂဏန်းကို ကျနော်ပြောခဲ့ပါတယ်၊ ဒီကနေ့မှာတော့ ကိန်းဂဏန်းက ၅၀ အောက်ဖြစ်သွားပါပြီ၊ ဒါဟာအရေးကြီးပြီး သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်ပါတယ်၊ လူတွေ ကိုယ့်အမြင်ကိုယ် လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုဆီ လျှောက်လှမ်းတယ်ဆိုတာ အချိန်ယူရတဲ့ဖြစ်စဉ်ပါ၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးတာတွေဟာ ဒီမိုကရေစီ ယဉ်ကျေးမှုလမ်းကြောင်းပေါ်က ခြေလှမ်းတွေဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီခြေလှမ်းတွေနဲ့အတူ တရားဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပါ အတူယှဉ်တွဲလိုက်ပါဖို့ လိုအပ်ပါတယ်လို့ မစ္စတာ Quintana က ပြောကြားပါတယ်။
ဒါ့ပြင် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ကို ထမ်းဆောင်ရတော့မှာဖြစ်တဲ့ မြန်မာအစိုးရအနေနဲ့ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မရှိစေရဘူးဆိုတဲ့ ကတိနဲ့ တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ (၁၈) ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်နိုင်တယ်ဆိုရင် ဒါဟာ လမ်းကြောင်းမှန်ပေါ် ခြေချလိုက်တာပဲဖြစ်ပါတယ်လို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ပြောကြားလိုက်ပါတယ်။