ပညာရေးနဲ့ ကျန်းမာရေးမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း
2012.02.13

courtesy of European Commission
နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများ နှီးနှောဖလှယ်ပွဲ ညီလာခံမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar က ခုလို ပြောခဲ့တာပါ။
ကမ္ဘာ့လူဦးရေဟာ သန်းပေါင်း ခုနစ်ထောင်ရှိလာပြီဖြစ်ပြီး လာမယ့် ငါးနှစ်အတွင်းမှာ သန်း ၅၀၀ လောက် လူဦးရေ တိုးလာဖွယ်ရှိတယ်လို့ မစ္စတာ နမ်ဘီးယားက ဆိုပါတယ်။ ကမ္ဘာကြီးမှာ လူဦးရေ များပြားလာတာနဲ့အမျှ စားနပ်ရိက္ခာ ဖူလုံမှု၊ အလုပ်အကိုင် ရရှိရေး၊ လူသားတွေရဲ့လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှုစတဲ့ အခက်အခဲတွေနဲ့ တစ်ကမ္ဘာလုံး ရင်ဆိုင်လာရဖွယ် ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာလည်း ဒီလို အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးပမ်းကြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
သမ္မတဦးသိန်းစိန် အစိုးရက မြန်မာနိုင်ငံရဲ့ ပညာရေး၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ ကောင်းမွန်လာဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း ပြီးခဲ့တဲ့နှစ်က ကတိပေး ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်တွေ အထမြောက်ဖို့ဆိုရင် အစိုးရ တစ်ခုတည်းတင် လုပ်ဆောင်လို့မရဘဲ ပုဂ္ဂလိက ကုမ္ပဏီတွေ၊ လူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကိုလည်း မစ္စတာ နမ်ဘီးယားက တိုက်တွန်းခဲ့ပါတယ်။