မြန်မာပြည်သူတွေဘက်ကဆက်ထောက်ခံနေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကြေညာ

RFA Burmese
2023.04.14
မြန်မာပြည်သူတွေဘက်ကဆက်ထောက်ခံနေမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကြေညာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
JOHN DURAN / AFP

အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ရမယ်ဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို လိုက်နာဖို့၊ တရား မျှတမှုကို ဖော်ဆောင်ပြီး မြန်မာ့တပ်မတော်က ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ် တွေနဲ့ပတ်သက်လို့ အပြည့်အဝ တာဝန်ယူဖို့ လုံခြုံရေးကောင်စီက ပံ့ပိုး ကူညီရမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးလ်က ပြောလိုက်ပါတယ်။

နယူးယောက်မြို့မှာ မနေ့ကကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ပဇီကြီးရွာ တိုက်ခိုက်ခံရလို့ လူပေါင်း ၁၃၀ ကျော်သေဆုံးရတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ထွက်မလာတဲ့နောက် အမေရိကန်သံအမတ်ကြီးရဲ့ သဘောထားထုတ်ပြန်လိုက်တာပါ။

လက်ရှိကာလမှာ စစ်ကောင်စီနဲ့ အဓိကမဟာမိတ်ဖြစ်နေတဲ့ ရုရှားနိုင်ငံက လုံခြုံရေး ကောင်စီမှာ အလှည့်ကျဥက္ကဋ္ဌတာဝန်ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့တော့ ပဇီကြီးရွာတိုက်ခိုက်ခံရမှုအတွက် စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ဆိုပါ တယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကိုရော၊ လူ့အသက်တွေကိုပါ စစ်ကောင်စီကတန်ဖိုးမထားဘူးဆိုတာကိုပြလိုက်တဲ့ နောက်ထပ် ဥပမာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြမ်းဖက်တာတွေ ချက်ချင်းရပ်ဖို့၊ အကန့်အသတ် အပိတ်အပင်မထားဘဲ အကူအညီတွေ ပေးခွင့်ပြုဖို့၊ မြန်မာပြည်သူတွေလိုလားနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို လေးစားဖို့၊ ထပ်မံတိုက်တွန်း တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအပြင် အရပ်သားတွေကို ကာကွယ် ရမယ်ဆိုတာနဲ့ လူသားချင်းစာနာမှု အကူအညီတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက လေးစားလိုက်နာရမယ်လို့ အမေရိကန် သံအမတ်ကြီးက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းပြီး ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားဖို့၊ လူ့အခွင့်အရေး အပြည့်အဝရှိပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်ဖြစ်ဖို့အတွက် အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်တွဲပြီး မြန်မာပြည်သူတွေကို ထောက်ခံပံ့ပိုးနေမယ်လို့ သံအမတ်ကြီး မစ္စ လင်ဒါဂရင်းဖီးလ်က သူ့ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။