ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့် ကုလတိုက်တွန်း


2013.11.19

မြန်မာနိုင်ငံက  ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံတွင်းက တခြား အစ္စလမ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်တာတွေကို တားဆီးကာကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

ဒါဟာ လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း အဲဒီဆုံးဖြတ်ချက်ကို အတည်ပြုမယ့်သဘောဖြစ်တယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။

အင်္ဂါနေ့ မွန်းလွဲပိုင်းကတော့ မန္တလေးမြို့မှာ OIC ခေါ် အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အလိုမရှိကြောင်း သံဃာတော်တွေဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။  ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ် ဦးပွားဘုရားကနေ ဘုရားကြီး အရှေ့မုခ်အထိ ဆန္ဒပြခဲ့ကြတာပါ။  ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ သံဃာတစ်ပါးက အခုလို မိန့်ပါတယ်။

“ဦးဇင်းတို့ တောင်းဆိုချက်က (၁) တိုင်းရင်းသားအဖြစ် လက်မခံရေး၊ (၂) မြန်မာပြည်ရဲ့ မည်သည့်နေရာတွင်မဆို အိုအိုင်စီရုံးဖွင့်ခွင့်မပြု (၃) ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ရမယ်၊ (၄) အိုအိုင်စီ အလိုမရှိ၊ (၅) ခိုးဝင်ဘင်္ဂါလီများအား ရခိုင်ဒေသမှ အစ္စလာမ်မစ်နိုင်ငံများသို့ အမြန်ဆုံးခေါ်ယူသွားရန်၊ အဲဒီရည်ရွယ်ချက် ၅ ချက်ပါ”

ဆန္ဒပြသံဃာတွေဟာ ဦးပွားဘုရားကို ပြန်ကြွခဲ့ကြပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြတာဖြစ်ပေမဲ့ ချမ်းမြသာစည်မြို့နယ် ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။