မြန်မာအစိုးရ ကတိတည်ဖို့ ကုလတိုက်တွန်း


2013.11.19
political-prisoner-insein-305.jpg နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အင်းစိန်ထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားများကို လာကြိုသူများနဲ့အတူ တွေ့ရပုံ
photo: RFA/ Kyaw Zawe Win

ဒီနှစ်ကုန်တာနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ရှိတော့မှာမဟုတ်ဘူး ဆိုတဲ့ကတိစကား တည်စေလိုကြောင်း ကုလသမဂ္ဂက မြန်မာအစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

အစိုးရသစ်တက်လာပြီးတဲ့နောက် ဆောင်ရွက်လာ ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေးအကျဉ်းသား အများအပြား ပြန်လွှတ်ခဲ့တာတွေ၊ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားမရှိစေရဘူးဆိုတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကတိစကားတွေအပေါ် ကြိုဆိုကြောင်း၊ ဒီလုပ်ငန်းစဉ်အတိုင်း ဆက်လက်အကောင်အထည်ဖေါ်ဖို့ အရေးကြီးကြောင်း၊  ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားအးလုံး ကို ခြွင်းချက်မရှိ ပြန်လွှတ်ပြီး၊ သူတို့ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို အပြည့်အ၀ အပ်နှင်းပေးဖို့လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မှာ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ ဥပဒေလက်လွတ် ထင်သလို ဖမ်းဆီးနေတာတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေကို ထိန်းသိမ်းထားတာတွေ၊ အဓမ္မနေရာရွှေ့ပြောင်းမှုတွေ၊ မြေယာသိမ်းယူမှုတွေ၊ အဓမ္မကျင့်ကြံမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ နှိပ်စက်ညှဉ်းပန်းမှု၊ လူမဆန်အောင် ရက်စက်တဲ့လုပ်ရပ်တွေ၊ လူ့ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ လုပ်ရပ်တွေစတာတွေ ရှိနေသေးတဲ့အပေါ် စိုးရိမ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ဆုံးဖြတ်အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာအပေါ် ဒီနှစ်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အရင်နှစ်တွေကထက် ပိုမိုပျော့ပြောင်းပြီး၊  မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အားထုတ်မှု အတိုင်းအတာအပေါ် တစုံတရာ အသိအမှတ်ပြုထားပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာအပေါ်ဆုံးဖြတ်ချက်ကို လာမယ့် ဒီဇင်ဘာလ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Samantha Power ကလည်း မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ပေါ်ပေါက်လာနေပေမဲ့၊ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအောက်မှာရှိနေခဲ့တဲ့နိုင်ငံမှာ ဆက်လက် ဆောင်ရွက်ရမှာတွေ အများကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။